TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၄၅ တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၄၅ တို့ ရင်ဆိုင်တိုက်ပွဲဖြစ်
by -
ရွှေဟင်္သာ

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂၊ တပ်ခွဲ (၂) ရှိရာသို့ အစိုးရ ခလရ ၄၅ တပ်ဖွဲ့နှင့်ပန်းဆေး ပြည်သူ့စစ် အချို့တို့က ထိုးစစ်ဆင် လာသဖြင့် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်ဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။

“ဖြစ်တဲ့ နေရာ ကတော့ ကွတ်ခိုင်မြို့နယ် ဂျုံနော်ရွာနှင့် သာပန်ကုန်း ကျေးရွာ အကြား တောတွင်း တစ်နေရာမှာပေါ့။ ဖြစ်တာက ဒီနေ့ နေ့လည်တစ် နာရီကနေ နှစ်နာရီအထိ ဖြစ်ခဲ့ပါတယ်။ ထိခိုက်မှုတော့ မပြောတတ်သေးဘူး။ သူတို့ပြော နေတာ ကတော့ နယ်မြေ ရှင်းလင်းရေး အတွက် လှုပ်ရှားနေတာပါလို့ ပြောနေခဲ့တာပါဘဲ။” ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များ၏ စစ်ဆင်ရေး အနေအထား အရ ဆက်လက် တိုက်ပွဲဖြစ်ပွားရန် အလားအလာ ရှိနေသည်ဟု ဆိုပါသည်။ TNLA သည် ပန်းဆေး ဒေသ အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ထုတ်လုပ်သူများကို ဖမ်းဆီး စစ်ဆေး နေပြီး အရေးယူ နေသဖြင့် ပန်ဆေး ပြည်သူ့စစ်မှ မကျေနပ်မှု ဖြစ်ပွားကာ အစိုးရ တပ်ဖွဲ့နှင့် အတူ လှည့်လည် စစ်ဆင်နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

TNLA တပ်ရင်း ၁၁၂ သည် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် ပန်းဆေး ပြည်သူ့ စစ်၏ စခန်း တစ်ခုဖြစ်သည့် ၀ါရော့ စခန်းကို ၀င်ရောက် သိမ်းပိုက် ခဲ့ရာ ဘိန်းဖြူ၊ ဘိန်းမဲ၊ ရာဘဆေးပြားနှင့် တရုတ်ငွေအချို့ သိမ်းဆည်းရမိခဲ့သည်။ ဤသို့ကြောင့် TNLA အားမကြေမနပ်ဖြစ်နေခဲ့ကြောင်းဆိုပါသည်။

ပန်းဆေးပြည်သူ့ စစ်ခေါင်းဆောင် ဦးကျော်မြင့်သည် အစိုးရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ နမ့်ခမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးများကို ၂၀၀၀ ခုနှစ် နောက်ပိုင်းမှ ယနေ့ အထိ အရှိန်အဟုန်မြင့် ထုတ်လုပ်လျှက် ရှိပါသည်။

ပန်ဆေးပြည်သူ့စစ်သည် အင်အား ၅၀ မှ ၁၀၀ ဝန်းကျင်ခန့်သာ ရှိသော်လည်း ပန်းဆေး ဒေသရှိ ဘိန်းခြံနှင့် ဘိန်း ထုတ်လုပ်သော တရုတ် အိမ်တိုင်းတွင် သေနတ်များ ရှိကြသည်ဟု ဒေသခံများက ပြောပါသည်။ ဤဒေသအား ထိန်းချုပ် ထားနိုင်ရန် အစိုးရ တပ်အင်အား တစ်ရာကျော် သည် ပန်းဆေးပြည်သူ့ စစ်များနှင့် အတူ ပုံမှန် လှုပ်ရှားလျှက် ရှိပါသည်။

အလားတူ KIA တပ်မဟာ (၄) ဒေသရှိတပ်ရင်း (၁၇) နယ်မြေ ဖက်တွင်လည်းအစိုးရ တပ်ဖွဲ့နှင့်တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA က ဆိုပါသည်။

Most read this week