ကချင် ပြည်နယ် အတွင်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို နှင့် အစိုးရ တပ်ဖွဲ့တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြသော ကချင် စစ်ပြေး ဒုက္ခသည်များသည် ထောက်ပံ့မှု အကန့်အသတ် အခက်အခဲနှင့်သာ ရပ်တည် နေရဆဲ ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆားက ဆိုပါသည်။
“ပြည်ပ NGO အဖွဲ့တွေ လာရောက် အကူအညီ ပေးဖို့က အစိုးရကို ဖြတ်ပြီးမှ လာရတယ် ဆိုတော့ အစိုးရဘက်က ခွင့်မပြု ဘဲနဲ့ ဘယ်လိုမှ လာလို့ မရဘူးလေ။ အဲဒါကြောင့် ယနေ့အထိ ပြည်တွင်းမှာ ရှိတဲ့ NGO အဖွဲ့တွေရော ပြည်ပက NGO အဖွဲ့တွေကပါ ပေးတဲ့ အကူအညီတွေ ကနေ့ အထိ မရသေးဘူး၊ ဒါကြောင့် ၀မ်းမဝဘူး ဖြစ်နေတယ်” ဟု ဆိုပါသည်။
တိုက်ပွဲသည် ၂ နှစ်ခန့် ရှည်ကြာ လာခဲ့သဖြင့် ကချင် စစ်ပြေး ဒုက္ခသည် ပေါင်း ၁ သိန်းကျော် ရှိလာပြီး ၃ ပုံ ၂ ပုံသည် KIO ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများ၌ နေထိုင်ကြပါသည်။ ကျန် ရှိသည့် ဒုက္ခသည် များမှာ အစိုးရ ထိမ်းချုပ်သည့် မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများ အတွင်း၌ နေထိုင် ကြပါသည်။
စစ်ပြေး ဒုက္ခသည်များ၏ လုံခြုံရေး၊ ရေရရှိရေး၊ အစားအစာ ရရှိမှု၊ အာဟာရပြသနာ၊ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာ ကိစ္စရပ်များတွင် စိုးရိမ်စရာ အခြေအနေ၌ရှိနေဆဲဖြစ်ကြောင်း နယူးဇီလန် အခြေစိုက် The Gage အဖွဲ့မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန် ခဲ့ပါသည်။
“ဒီလို အခြေအနေမျိုးတွေ ရောက်ရှိလာအောင် အစိုးရက လုပ်ထားတယ်လို့ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် ကေအိုင်အိုကို အကြပ်ကိုင်လို့ ရအောင် လုပ်ထားတာပါ။ KIO လက်အောက်ရှိ နေတဲ့ ဒုက္ခသည်တွေ အကြပ်အတည်း ဖြစ်နေအောင် တမင် ဖန်တီး ထားတာ ဖြစ်တယ်” ဟု ဦးဒွဲပီဆားက ဆိုပါသည်။
လက်ရှိတွင် KIO လက်အောက်ရှိ ဒုက္ခသည်များကို ပြည်တွင်း ပြည်ပ၌ ရှိသော အလှူရှင် တချို ့ကသာ လာရောက် လှူဒါန်းခဲ့ ပါသည်။ အလားတူ အစိုးရ ထိမ်းချုပ်မှု ရှိသည့် မြို ့ပေါ် ဒုက္ခသည်များ သို့လည်း NGO များမှ အကူအညီ မရကြောင်း အထူး သဖြင့် အစိုးရကြီးကြပ်သည့် ပြစား စခန်းမျှသာ အကူအညီ ရပါသည်။ ဤအကူအညီသည်လည်း အထူးသဖြင့် UN အကူအညီ တချို့နှင့် အခြားအရေးကြီး NGO တချို့သာ ရရှိပါသည်။ အများစုသည် ကချင် အသင်းတော်မှ ကူညီသော အကူအညီသာ ရကြသည်ဟု ဆရာတော် ဆရာတူးဂျားက ဆိုပါသည်။
ကချင်ပြည်နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက် ရှိနေသေး သောကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ နေရပ်သို့ ပြန်ပို့ခြင်းကို ဆောင်လိမ့်မည် မဟုတ်သေးကြောင်း ဒုက္ခသည် ကော်မီတီများက ဆိုပါသည်။ အစိုးရသည် စစ်ပြေးများ နေရပ်ပြန်ပို့ရေးကို လိုလား နေပါသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့ပေါ်ရှိ တအာင်း စစ်ပြေး ဒုက္ခသည်များကို နေရပ် ပြန်ကြရန် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နှင့် အစိုးရ ကိုယ်စားလှယ်များ လာရောက် ပြောကြားခဲ့သည်။
ထို့အပြင် တအာင်း စစ်ပြေး ဒုက္ခသည်များကို မေလ ၁၅ ရက်နေ့က ဆန်ခွဲတမ်းများ ပေးဝေကာ စခန်း ကော်မတီ များက နေရပ် ပြန်ခွင့်ပြုကာ စခန်းကို ပိတ်ပစ် ခဲ့သည်။ သို့သော် ယင်းစစ်ပြေး ဒုက္ခသည်များက နေရပ်သို့ မပြန်နိုင်သေးဘဲ တန့်ယန်းမြို့ပေါ်၌ပင် သောင်တင် နေထိုင်လျက် ရှိကြောင်း တအာင်း စာပေ ယဉ်ကျေးမှု ကော်မတီဝင် ဦးမောင်ကို က ပြောသည်။
“နေရပ်ပြန်ပြီး ခြံတွေ ဘာတွေခုတ်၊ တောင်ယာခုတ်ပြီး နေကြပေါ့။ ဒီလိုမျိုး သူတို့ လာပြောပေမဲ့ တကယ့် လက်တွေ့မှာ ဒီအချိန်က တောင်ယာ ခုတ်လို့ ရတဲ့ အချိန် မဟုတ်ဘူး။ အဲတာကြောင့် တအာင်း ဒုက္ခသည်တွေက နေရပ် မပြန်နိုင်သေးဘဲ မြို့ပေါ်မှာဘဲ ဖြစ်သလို ဆက်နေခဲ့ရတယ်။” ဟု ဆိုပါသည်။
အလာတူပင် ထိုင်း-မြန်မာ နယ်စပ်ရှိ နို့ဖိုး စစ်ပြေး ဒုက္ခသည်များသည်လည်း ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ဒုတိယ တာပ်ခရိုင်ဝန် ဦးဆောင်သော တွေ့ဆုံ ဆွေးနွေးပွဲတွင် လူဦးရေ သောင်းကျော် ရှိသည့် ဒုက္ခသည် စခန်း၌၂၈ ဦးသာ နေရပ် ပြန်လိုသည့် ဆန္ဒ ရှိပါသည်။
ဤသို့ကြောင့် ကေအိုင်အို လက်အောက်ရှိ စစ်ပြေး ဒုက္ခသည်များသည် KIO နှင့် အစိုးရတို့ တိုက်ပွဲဖြစ်နေ သမျှ ကာလပတ်လုံး နေရပ်ပြန်လိုကြမည် မဟုတ်ပေ။ ဤကဲ့သို့ စစ်ပြေး ဒုက္ခသည်များ ဖြစ်လာရန် အစိုးရတပ်ဖွဲ့များက ဖန်တီးထားခြင်း ဖြစ်ပါသည်။
KIO သည် ၁၉၉၄ ခုနှစ် ကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် အစိုးရမှ နယ်ခြား စောင့်တပ် ဖွဲ့ခိုင်းသဖြင့် လက်မခံ ပယ်ချရာက တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ပါသည်။ ဤတိုက်ပွဲများကြောင့် ကချင်ပြည်နယ်၌ စစ်ပြေး ဒုက္ခသည် ၁ သိန်းကျော် ဖြစ် လာခဲ့ရပါသည်။