ပူးပေါင်းတပ်နှင့် တိုက်ပွဲ အစိုးရတပ် ထိခိုက်မှုများဟု TNLA ပြော

ပူးပေါင်းတပ်နှင့် တိုက်ပွဲ အစိုးရတပ် ထိခိုက်မှုများဟု TNLA ပြော
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) လက်အောက်ခံ (SSA) စသည့် ပူးပေါင်းတပ်နှင့် အစိုးရ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်က ထိခိုက်ကျဆုံး ဒဏ်ရာရသူတွေ ရှိကြောင်း TNLA ကပြောသည်။

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ရှေတန်း တပ်ဖွဲ့ *အင်တာနက်*

ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အကြား စယ်နေ ကျေးရွာ အနီးတွင် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၁)နှင့် ခြေလျင်တပ်ရင်း ခလရ (၁၄၄) ပူးပေါင်း စစ်ကြောင်းနှင့် အောက်တိုဘာလ (၂၇) ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA တပ်ဖွဲ့ ပြောခွင့်ရသူ မိုင်ဖုန်းကျော်က အခုလို ပြောသည်။

 “ကျနော်တို့ တပ်ပေါင်းစုက နယ်လှည့် စည်းရုံးရေး ဆင်းနေတဲ့ အချိန်မှာ အစိုးရ စစ်ကြောင်းက နောက်ကနေ လိုက်လာလို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ တိုက်ပွဲကတော့ (၅) နာရီခန့် ကြာသွားတယ်။ ကြိုကြားပေါ့။ ဒီတိုက်ပွဲမှာ အစိုးရ ဖက်က (၃) ဦး သေပြီး (၈) ဦး ဒါဏ်ရာ ရတယ်လို့ မိုင်းဝီးဆေးရုံမှာ တွေ့ကြတယ်လို့ မျက်မြင် ရွာသား တွေက ကျနော်တို့ကို ပြောပါတယ်”

အစိုးရဖက်မှ ထိခိုက်ကျဆုံး ဒဏ်ရာရသည့်ကိစ္စ သီးခြား အတည်ပြုချက် မရသေးပါ။

တိုင်းရင်းသား တပ်ဖွဲ့များက ယင်းဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ် နေစဉ် အစိုးရ စစ်ကြောင်းက နောက်ယောင်ခံ လိုက်လာ သဖြင့် ထိပ်တိုက် ရင်ဆိုင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု မိုင်ဖုန်းကျော်က ပြောသည်။

မန်ဆန်၊ မန်တုံ၊ ကွတ်ခိုင်နှင့် နမ်းခမ်းမြို့နယ်များတွင် အစိုးရတပ်ရင်း (၁၀) ရင်း ထက်မနဲ လှုပ်ရှား နေပြီး ဗျူဟာမှူးများက မန်ဆန်၊ မန်တုံနှင့် နမ်းခန်း (မိုင်းဝီ) ၌ လာရောက် ကွပ်ကဲနေကြောင်း သိရသည်။ ထို့အပြင်  အစိုးရနှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲနှင့် သာပန်းကုန်း- ရှောက်ပန်းကုန်း ကျေးရွာ အနီး လွန်ခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နောက် အစိုးရဖက်မှ စစ်ဆင်ရေး တိုးမြှင့် ဆောင်ရွက်လာကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းဒေသသည် ရခိုင်ပြည်နယ်မှ တရုတ်ပြည် ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရွှေသဘဝ ဓါတ်ငွေ ပိုက်လိုင်း တည်ဆောက်သည့် လမ်းကြောင်းတွင် တည်ရှိပြီး ပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသလို ယင်းဒေသ မြောက်ဖက်တွင် ဘိန်းစိုက်ခင်းများရှိကြောင်းနှင့် ယမန်နေ့ တု်ကပွဲ နောက်ပိုင်း အစိုးရတပ်များ အင်အား ပိုဖြည့်လာကြောင်း သိရသည်။

ကွတ်ခိုင်နှင့် နမ့်ခမ်း ဒေသတဝိုက်တွင် (KIA) တပ်မဟာ (၄) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသလို ဆက်စပ်ဒေသများနိုက် TNLA တပ်ဖွဲ့ဝင်များနှင့် SSPP/ SSA တပ်ဖွဲ့များ လှုပ်ရှားနေကြောင်း သိရသည်။ တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော်တွင် တပ်ရင်း (၄) ရင်းရှိပြီး (၁၁၂)  ကွတ်ခိုင်ဒေသ၊ (၂၅၆) နမ့်ဆန် ဒေသ၊ (၃၆၇) မန်တုံဒေသနှင့်(၄၇၈) နမ့်ခမ်း ဒေသများတွင် လှုပ်ရှားကြောင်း မိုင်ဖုန်းကျော်က ပြောသည်။

Most read this week