KNU အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပမည်

KNU အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပမည်
by -
ရွှေဟင်္သာ

ကရင် အမျိုးသား အစည်းအရုံး (KNU) သည်  လာမည့် အောက်တိုဘာလ (၂၂) ရက်နေ့ ဝန်းကျင်၌ တပ်မဟာ (၇) ဌာနချုပ် စခန်းတွင် အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပဖွယ် ရှိကြောင်း ဗဟို ကော်မီတီဝင် တဦးဖြစ်သူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အောင်မောင်အေးမှ ပြောပါသည်။

ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဗိုလ်မှူးချုပ်ဂျော်နီ၊ ပဒိုရောဂျာခင်၊ ပဒိုဒေးဗစ်ထော (ဓါတ်ပုံ KNU)
“သတင်းတွေ အရတော့ ကျွှန်တော်တို့ အောက်တိုဘာ (၂၂) ရက်နဲ့ (၂၃) ဝန်းကျင် လောက်မှာ ပေါ့နော် လုပ်ဖြစ် မှာပါ။ ဒီကြားထဲမှာ အချင်းချင်း ရင်ကြားစေ့ရေး အစည်းအဝေး လိုမျိုးတော့ အရင်ထိုင်မယ်၊ ပြီးမှ တရားဝင် မျက်နှာစုံ ညီ ဗဟို ကော်မီတီ အစည်းအဝေးကို ထိုင်ကြမှာပါ” ဟု ဆိုပါသည်။

ယခုကဲ့သို့ အရေးပေါ် ဗဟိုကော်မီတီ အစည်းဝေး ကျင်းပရခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဘားအံမြို့၌ ပြုလုပ်ခဲ့သည့် ကေအဲန်ယူ ဗဟို ဆက်သွယ်ရေးရုံး ဖွင့်ပွဲ ကိစ္စနှင့် ပတ်သက်၍ စစ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဗဟိုတို့အကြား သဘောထား တင်းမာမှု ဖြစ်ခဲ့ရာက စတင်ခြင်း ဖြစ်ပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ KNU ထိပ်တန်း ခေါင်းဆောင် သုံးဦး ဖြစ်သည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ အတွင်း ရေးမှူး (၂) စောဒေးဗစ်ထော(အောက်တိုဘာလ ၁၄ ရက်နေ့က ကွယ်လွန်)နှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဌာန တာဝန်ခံ ပဒို ရောဂျာခင်တို့အား အဖွဲ့မှ ထုတ်ပယ် လိုက်သည်။

ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ယင်းကိစ္စနှင့် ပတ်သက်၍ မြဝတီ မြို့၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကရင်ပြည်သူ တို့၏ ၀ိုင်းဝန်း ဖိအားပေးမှုကြောင့် သတင်းစာ ရှင်းလင်းပွဲ အစီအစဉ်ကို ဖျက်သိမ်းပြီး အရေးပေါ်ဗဟို ကော်မီတီ အစည်းအဝေး ခေါ်ယူရန် ဖြစ်လာခဲ့သည်။

ဤဗဟို ကော်မီတီ အစည်းအဝေးမှ ကေအဲန်ယူ၏ (၁၅) ကြိမ်မြောက် ကွန်ဂရက် ကျင်းပ နိုင်ရေး အဆိုပြု ကြမည် ဖြစ်သလို အဖွဲ့အတွင်း တပ်မဟာ (၇) ခု၌ ဗဟိုကော်မီတီ (၃၀) ဦး အရန် ဗဟို ကော်မီတီ (၁၅) ဦးနှင့် ဗဟို အလုပ် အမှုဆောင် ကော်မီတီ (၁၁) ဦး ရှိသည်။