စစ်ဗျူဟာမြောက် KIA ပန်းဝါစခန်းကို အစိုးရက စခန်းသိမ်း တိုက်ပွဲ ဆင်နွဲခြင်း

စစ်ဗျူဟာမြောက် KIA ပန်းဝါစခန်းကို အစိုးရက စခန်းသိမ်း တိုက်ပွဲ ဆင်နွဲခြင်း
by -
ရွှေဟင်္သာ

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ချီဖွေမြို့နယ် ပန်းဝါဒေသ၊ တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသ နယ်ခြားမှတ်တိုင် (၆) အနီးတွင်ရှိသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIA) တပ်မဟာ (၁) ဌာနချုပ် စခန်းကို အစိုးရတပ်ဖွဲ့များက ယနေ့မနက် ပိုင်း၌ စခန်းသိမ်းရန် ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်ဟု KIA ပြောခွင့် ရရှိသူ ဆလန်ကဘာလနန်းက ဆိုပါသည်။

KIA စစ်ဦးစီးချုပ်ရုံး၌ အလုပ်လုပ်နေပုံ
“ ၂နာရီလောက် အပြင်းအထန်ဖြစ်တယ်။ အစိုးရဖက်က အလောင်း (၂) လောင်း ကျန်ခဲ့တယ်။ သူတို့က တပ်ရင်း (၂) ရင်းနဲ့ လာပြီး ထိုးစစ်ဆင်တယ်။ အင်အားကတော့ (၄၀၀) ကျော် ရှိမယ် ထင်တယ်။ မနိုင်လို့ သူတို့ ပြန်ဆုတ်သွားတယ်။ အစိုးရ ဖက်က အထိအခိုက် အကျအဆုံး များပုံရတယ်။ စစ် ဆင်လာတဲ့ တပ်ရင်းကတော့ ခလရ (၇၇) နဲ့ ခလရ (၄၇) တပ်ရင်း တွေဖြစ်တယ်”ဟုဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် ဤ နယ်ခြား မှတ်တိုင် (၆) (၇) အနီးရှိ ပန်းဝါဒေသကို သြဂုတ်လ (၁၅) ရက်နေ့ ကတည်းက ထိုး စစ်ဆင်လာရာက ယနေ့တွင် KIA တပ်မဟာ (၁) ဌာနချုပ်ကို ၀င်ရောက် သိမ်းပိုက်ရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

ဤအကြိမ်သည် ပန်းဝါဒေသတွင် အစိုးရ၏ ပထမဆုံး စခန်း သိမ်းတိုက်ပွဲဖြစ်သည်ဟု ဆိုပါသည်။ ဤဒေသ၌ စစ်ပြေးဒုက္ခ သည် (၅၀၀) ခန့် ရှိပြီး ဇွန်လ (၂၀) ရက်နေ့တွင် ဦးအောင်မင်းတို့နှင့် အလွတ် သဘောတွေ့ဆုံ ဆွေးနွေးစဉ် စစ်မဲ့ဇုံအဖြစ် ထားရှိရန် KIA က အဆိုပြုထားသည့် နေရာဖြစ်ပါသည်။

စစ်ဦးစီးချုပ်ရုံး၌ အလုပ်လုပ်နေပုံ

ပန်းဝါဒေသသည် ယခင်က ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ) ၏ အမှတ် (၂၀၂) စစ်ဒေသဖြစ်ခဲ့ပါသည်။ နောက်ပိုင်း၌ ဦးစကုန်တိန်း ယင်းဦးဆောင်သော အဖွဲ့က အစိုးရထံ လက်နက် ချပြီးနောက် အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် ပြောင်း လဲသွားခဲ့ပါသည်။ ဦးစကုန်တိန်းယင်းလည်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားခဲ့ပါသည်။ ဤဒေသသည် (ဗကပ) မတိုင် ခင်ခေတ် ကတည်းက KIA ၏ လှုပ်ရှား နယ်မြေဖြစ်ခဲ့ပါသည်။

KIA သည် နှစ်ဖက်စလုံးမှ စိုးမိုးမှုမရှိသည့် နေရာကို စံထားပြီး ဒုတိယနိုင်ငံ တခုခု၌ တွေ့ဆုံဆွေးနွေးရန် ဖြစ်သင့်သည့် အတွက် အပစ်ရပ်ရေး တွေ့ဆုံ ဆွေးပွဲကို တရုတ်နိုင်ငံရွှေလီမြို့၌ ကျင်းပသင့်ကြောင်း အစိုးအား ဇူလိုင်လကတည်းက အဆိုပြု ထားပါသည်။ သို့သော် အစိုးရက ရှမ်းပြည်နယ် မူဆယ်၌သာ တွေ့ဆုံရန် ယခင်ကတည်းက ကမ်းလှမ်းထား ပြီးယနေ့အထိ ဤနေရာကိုသာ လက်ခံမည်ဖြစ်ပါသည်။

ပန်းဝါဒေသမှ ကချင် စစ်ပြေး ဒုက္ခသည်များမှာမူ ထွက်ပြေး တိမ်းရှောင် နေရဆဲဖြစ်သော်လည်း တရုတ်နိုင်ငံ ရွှေလီနယ်စပ်မှ ကချင် စစ်ပြေး ဒုက္ခသည် တချို့ကိုမူ  တရုတ်အစိုးရသည် မြန်မာ အစိုးရနှင့် ညှိနှိုင်းပြီး မြန်မာ အစိုးရ ထိမ်းချုပ်သော ဒုက္ခသည် စခန်းများသို့ ပြောင်းရွှေ့စေခဲ့သည်ဟု ဒုက္ခသည် ကော်မီတီဝင် တချို့က ပြောပါသည်။

ထို့အပြင် KIA သည် မိုင် (၂၀၀) ကျော်အထိ ပစ်ခတ်နိုင်သော တာဝေးပစ် လက်နက်ကြီးများကို စမ်းသပ်နေသည်ဟု အစိုးရ ဖက်ကို ထောက်ခံသော ကချင်သတင်း မီဒီယာအချို့တွင် ရေးသားထားပါသည်။ ဤကိစ္စနှင့်ပါတ်သက်ပြီး ဦးလာနန်းက-

“ကျနော်တို့မှာက လက်နက် အင်အား ထက်ပေါ့လေ ခိုင်မာတဲ့ စိတ်ဓါတ်အင်အားနဲ့ ရရာလက်နက်နဲ့ဘဲ တိုက်ခိုက်နေတာပါ။ ကျနော်တို့မှာ အဝေးပစ် လက်နက်ကြီးတွေရှိလျှင် အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ပုံစံက ပြောင်းလဲသွားမှာပါ” ဟုဆိုပါ သည်။

အစိုးရသည် KIA မှ ဤလက်နက်များ အသုံးပြုနေသည်ဟု ၀ါဒဖြန့်ရသည့် အကြောင်းရင်းမှာ ၄င်းတို့အသုံးပြုသည့်အခါ အ ပြစ်မမြင်သာအောင် စိတ်ကြိုက်လက်နက်မျိုး သုံးသည့်အခါ အပြန်အလှန် သဘောဆောင်အောင် ဖန်တီးနေခြင်းသာ ဖြစ် သည်ဟု စစ်ရေး သုံးသပ်သူများက ဆိုပါသည်။

ဤသို့ကြောင့် ပန်းဝါဒေသ စစ်ဆင်ရေးကို သုံးသပ်လျှင် အစိုးရသည် KIA အား စစ်ဆင်ရာတွင်၊ သံတမံနည်းအရ တရုတ် အစိုးရ အလိုကျကချင်စစ်ပြေးဒုက္ခသည် များကို လက်ခံပေးခြင်းဖြင့် ကိုယ့်ဖက်ပါအောင် ဆောင်ရွက်နေခြင်း။ စစ်ရေးအရ စခန်း သိမ်းတိုက်ပွဲများ ဆင်နွဲခြင်း၊ မီဒီယာအရ လက်နက်ဆန်းများ KIA က အသုံးပြုနေခြင်းဟူသော တိုက်ကွက်ကို ဖန်တီး နေခြင်းသာဖြစ်သည်ဟု သုံးသပ်သူများက ဆိုကြပါသည်။

Most read this week