နိုင်အောင်နိုင် (ခေါ်) ဗိုလ်လက်သီး ယမန်နေ့က ကွယ်လွန်ခဲ့သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ အလိုလို ပျက်စီးသွားလိမ့်မည်....
နိုင်အောင်နိုင် (ခေါ်) ဗိုလ်လက်သီး ယမန်နေ့က ကွယ်လွန်ခဲ့သဖြင့် မွန်အမျိုးသား ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ အလိုလို ပျက်စီးသွားလိမ့်မည်ဟု ယူဆကြောင်း မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သူ နိုင်ကောင်းရွတ် (ဗိုလ်မှူးကြီးဟောင်း) က ပြောသည်။
ဗိုလ်လက်သီးဟု သူ့အား နောက်ကွယ်တွင် ခေါ်ဆိုကြရခြင်းမှာ လက်အောက်ငယ်သားအား တခါတရံ ဆုံးမရာတွင် သူ၏ ကြီးမားသော ဘယ်လက်သီးဖြင့် မျက်နှာကို ထိုးတတ်သော အကျင့်ကြောင့် ဖြစ်သည်။
“သူရှိနေတဲ့ အချိန်မှာတောင် လိုအပ်တဲ့ တပ်အင်အားကို မဖြည့်ဆည်းနိုင်ဘူး၊ သူ့လက်အောက် နိုင်ရှောင်း ကလည်း သူလောက်သြဇာ မညောင်းဘူးဆိုတော့ သူတို့ တပ်ဖွဲ့ရှေ့ဆက်သွားဖို့က မလွယ်တော့ဘူး၊ အလိုလို ပျက်ပျယ်သွားနိုင်မယ့် သဘောဆောင်နေတယ်” ဟု နိုင်ကောင်းရွတ် ယူဆပြောဆိုသည်။
၂၀၀၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ နှုတ်ထွက်အနားယူပြီး ၂၀၀၈ ဖေဖေါ်ဝါရီလ၌ စစ်အစိုးရထံ ပူးပေါင်းခဲ့သူ ဗိုလ်ချုပ်အောင်နိုင်သည် မွန်ပြည်သစ် ရဲဘော်ဟောင်းများအား ပြန်လည်စည်းရုံး၍ မွန်အမျိုးသား ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းပြီး ဌာနေပြည်သူ့စစ် အသွင်ပြောင်းလဲရန် ကြိုးပမ်းလျှက်ရှိသည်။
ထို့အတူ မွန်ပြည်သစ်မှ အနားယူခဲ့သူ ဗိုလ်မှူးကြီး နိုင်ရှောင်း သည်လည်း စစ်အစိုးရအား တိုက်ခိုက်ရန် ရာမည တပ်ဖွဲ့ကို တည်ထောင်ခဲ့ပြီး ယမန်နှစ်တွင် စစ်အစိုးရနှင့် နားလည်မှု ရယူကာ ဗိုလ်ချုပ် အောင်နိုင် အဖွဲ့တွင် ဒုဥက္ကဌအဖြစ် ဝင်ရောက်လာသည်။
သို့ရာတွင် စစ်အစိုးရနှင့် ပူးပေါင်းနေသူ ဖြစ်သဖြင့် မွန် အသိုင်းအဝိုင်း အများစုက ၎င်းတို့ အဖွဲ့အစည်းအား မထောက်ခံ ကြပေ။ ထို့ကြောင့် မွန်သံဃာတော်များမှလည်း လက်ခံတွေ့ဆုံခြင်း မပြုကြခဲ့ဟု ကမာဝက်ရွာမှ ဆရာတော်တစ်ပါး ပြောကြား ခဲ့ဘူးသည်။
“နိုင်အောင်နိုင်က ဘုန်းကြီးဝတ်နဲ့ ကျောင်းကို ရောက်လာတယ်၊ သူပြောတာက မွန်တွေ ဒီရွေးကောက်ပွဲ မဝင်ကြတော့ ရွေးကောက်ပွဲကို နိုင်အောင်နိုင် တို့အဖွဲ့ ဝင်ပြိုင်ဖို့ စီစဉ်နေတယ်လို့ လာပြောတယ်၊ ဆရာတော် ပြန်ပြောလိုက်တာက ဒီရွေးကောက်ပွဲအတွက်ကို ဒီအတွင်းပိုင်းက မွန်တွေ ဝင်ပြိုင်ဖို့ စီစဉ်ထားပြီးပြီ၊ ခင်ဗျားတို့ ဝင်ပါဖို့ မလိုဘူး၊ ခင်ဗျားတို့ ဝင်ပြိုင်ရင်လည်း နိုင်မှာ မဟုတ်ဘူး” ဟု အဆိုပါဆရာတော် ရှင်းပြခဲ့သည်။
နိုင်အောင်နိုင် တို့အဖွဲ့တွင် မွန်ပြည်သစ်ပါတီမှ နာမည်ပျက်နှင့် အနားယူခဲ့သူများသာ တွေ့ရှိနေရပြီး လက်ရှိ အင်အား (၂၀) ဝန်းကျင်ခန့် ရှိသည်ဟု သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင် ပြည်သူ့ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့ပြီး ယခုတွင် ၎င်းရုပ်အလောင်းအား မြိုင်သာယာရပ်ကွက် (၅) လမ်းရှိ မွန်အမျိုးသား ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ရုံးတွင် ထားရှိထားကြောင်း နီးစပ်သူများ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဗိုလ်ချုပ် အောင်နိုင် ကွယ်လွန်ခဲ့သည့်သတင်း မိမိတို့ သိရှိရကြောင်း မွန်ပြည်သစ်ပါတီမှလည်း အတည်ပြု ပြောကြားပါသည်။
“သူ့အလောင်းကို မြိုင်သာယာ (၅) လမ်းမှာ ရှိတဲ့ သူတို့ ရုံးကို ပြောင်းရွေ့ထားတယ်လို့ သိရတယ်၊ သူဇနီးက နယ်စပ်မှာ၊ သူ့မောင်နှမက ပဲခူးဖက်မှာ ဆိုတော့ အသုဘချဖို့ ရက်ဆိုင်းထားနိုင်တယ်၊ အသုဘ ချရက်ကတော့ သြဂုတ် ၁၄ လို့ သိရတယ်” ဟု မော်လမြိုင်မြို့၊ မွန်ပြည်သစ်ပါတီရုံးသားတစ်ဦး ပြောသည်။
နိုင်အောင်နိုင် ကွယ်လွန်ချိန်တွင် အသက် (၇၁) နှစ် ရှိပြီး သားသမီး (၄) ဦးနှင့် ဇနီးဖြစ်သူ မိတွန်း ထိုင်း နယ်စပ်တွင် ကျန်ရစ်နေသည်။
ထိုင်းနယ်စပ် ရှိသူ၏ ဇနီးနှင့် မိသားစုဝင်များ သူ၏ အသုဘ အခမ်းအနားသို့ သွားရောက်ရန် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လှေလမ်းမှတဆင့် မော်လမြိုင်မြို့သို့ ယနေ့နံနက်ပိုင်းတွင် ထွက်ခွာသွားပြီဟု နီးစပ်သူများ အပြောအရ သိရသည်။
မိဘမောင်နှမများနှင့်အတူ ပဲခူးမြို့၌ ကြီးပျင်းလာသော နိုင်အောင်နိုင်သည် မြန်မာ့တပ်မတော်မှ တပ်ကြပ် အဆင့်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)သို့ လာရောက်ပူးပေါင်းခဲ့ပြီး (၂) နှစ်ခန့် တာဝန်ထမ်းဆောင် ပြီးနောက် (၁၉၆၇) ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ထို့နောက် နိုင်အောင်နိုင်သည် အရာရှိ ငယ်ဘဝမှ တပ်ရင်းမှူး၊ ဒုစစ်ဦးစီးချုပ်အထိ ရာထူးရရှိလာပြီး ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်ထောမွန် ဒုဥက္ကဌတာဝန်ယူရသဖြင့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ စစ်ဦးချုပ်အဖြစ် တာဝန် တိုးမြင့်ပေးအပ်ခြင်း ခံခဲ့ရသည်။
တဖန် ဗိုလ်ချုပ်အောင်နိုင်သည် မွန်ပြည်သစ်ပါတီမှ (၂၀၀၇) ခုနှစ်၊ နိုဝင်ဘာလတွင် အထူးဆေးဝါးကုသခွင့်ဖြင့် ရရှိခဲ့ပြီး (၂၀၀၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ၌ မြန်မာစစ်အစိုးရထံ တစ်ကိုယ်တည်း လက်နက်ချခဲ့ကြောင်း ယင်းဖြစ်စဉ် သိရှိခဲ့ရသူတစ်ဦး ပြောပြသည်။
ထိုသို့ စစ်အစိုးရထံ ပူးပေါင်းခဲ့ပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်နိုင်ခဲ့သော်လည်း သဘောတူညီချက် အချို့ရယူကာ မွန်ပြည်သစ်ပါတီသို့ မပြန်လို တော့ကြောင်း ပြောဆိုခဲ့သူဟု ယင်းဆွေးနွေးပွဲပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။
နိုင်အောင်နိုင်သည် မွန်ပြည်သစ်ပါတီမှ အနားယူပြီး နောက်ပိုင်းတွင် ထိုင်းနယ်စပ်ရှိ ဂျပန်ရေတွင်းရွာ နေအိမ်၌ နတ်ပွဲများ ကျင်းပ၍ ကိုယ်တိုင်နတ်ကခြင်း၊ ဘုရင် အဝတ် တန်ဆာကဲ့သို့ ဆင်မြန်း၍ အောင်မြေနင်း အခမ်းအနား ကျင်းပခြင်း၊ ရသေ့ဝတ်ခံ သက်သတ်လွတ်စားအဓိဌာန်ဝင်ခြင်း ထိုမှတဖန် ရဟန်းဝတ်ပြီး လက်နက်ကိုင် အဖွဲ့ကို ခေါင်းဆောင် နေခြင်းမှာ စိတ်မူမှန်ခြင်း မရှိဟု သူနှင့် အလွန်ရင်းနှီးသူက တစ်ဦး ပြောကြားခဲ့ဘူးသည်။
ထို့အပြင် နိုင်အောင်နိုင်တွင် ဆီးချို၊ သွေးတိုးနှင့် အခြာရောဂါ များလည်း ခံစားနေရစဉ် ယခု သေဆုံးချိန်တွင် သွေးအံသည့် လက္ခဏာ ဖြစ်ပေါ်ပြီး ဆေးရုံသို့ အရေးပေါ် ကုသခံနေရင်း နာရီပိုင်းအတွင်း ကွယ်လွန်ခဲ့သည်ဟု သိရှိရသည်။