နှစ်စဉ်သြဂုတ်လ (၈) ရက်နေ့ကျရောက်တိုင်း မွန်ခေါင်းဆောင်နိုင်နွန်လာ ကွယ်လွန်ခြင်း အထိမ်းအမှတ်များ ကျင်းပခဲ့ရာ ယနေ့တွင် (၂၁) နှစ်မြောက် အခမ်းအနားများကို ဒေသအသီးသီး၌ ကျင်းပ....
နှစ်စဉ်သြဂုတ်လ (၈) ရက်နေ့ကျရောက်တိုင်း မွန်ခေါင်းဆောင်နိုင်နွန်လာ ကွယ်လွန်ခြင်း အထိမ်းအမှတ်များ ကျင်းပခဲ့ရာ ယနေ့တွင် (၂၁) နှစ်မြောက် အခမ်းအနားများကို ဒေသအသီးသီး၌ ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဝင်းကရွာ၌ ကျန်ရစ်သူမိသားစုများက ယနေ့နံနက်ပိုင်းတွင် သံဃာတော်များအားဆွမ်းကျွေးပွဲကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီခေါင်းဆောင်အချို့နှင့် ပါတီဝင်ဟောင်းများ တက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ထို့အတူ ဘုရားသုံးဆူနယ်စပ်ရှိ မွန်အသျှင်ဟံသာရာဇာကျောင်းတိုက်၌လည်း နိုင်နွန်လာအတွက်ရည်စူးပြီး မွန်လူငယ်များမှ ဆွမ်းကျွေးပွဲတစ်ရပ်ကျင်းပခဲ့သည်ကို တက်ရောက်သူကာယကံရှင်များပြောပြချက်အရ သိရသည်။
အလားတူ နိုင်နွန်လာ၏မွေးရပ်ဇာတိဖြစ်သော မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတွင်လည်း နိုင်နွန်လာရုပ်တုထားရှိရာ ဘုရားဝင်းဇရပ်ဆောင်၌ သံဃာဆွမ်းကျွေးမှုများ ကျင်းပခဲ့သည်ဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ထို့အပြင် နိုင်နွန်လာအထုပ္ပတ္တိအကြောင်း ရှင်းလင်းပြောကြားချက်တစ်ရပ်ကို ယနေ့မွန်းတည့် (၁၂)နာရီ အချိန်တွင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံခြား ဆက်ဆံရေးဌာန တာဝန်ခံ နိုင်ဟံသာဗွန်းခိုင်းက ပြောသည်။
“ကွယ်လွန်ခဲ့တဲ့မွန်ခေါင်းဆောင်တွေအနက် ဆရာကြီးနိုင်နွန်လာ သိပ်ကိုထူးခြားပါတယ်၊ ဗမာကျောင်းသား တပ်မတော်ကို ရှစ်လေးလုံးတစ်နှစ်ပြည်နေ့မှာ မိန့်ခွန်းပြောရင်း စင်မြင့်ပေါ်ကနေ အသက်ထွက်သွားရတဲ့အဖြစ်က အဲဒီရှစ်လေးလုံးနေ့အဖြစ်တွေကို သိပ်ပြီးခံစားမိခဲ့လို့ဖြစ်မယ်လေ” ဟု ထိုင်းနယ်စပ်မှ မွန်လူငယ်တစ်ဦးက ယူဆ ပြောဆိုသည်။
နိုင်နွန်လာသည် မွန်ပြည်သစ်ပါတီဥက္ကဌအဖြစ်တာဝန်ယူခဲ့ဘူးသူတစ်ဦးဖြစ်ပြီး ကွယ်လွန်သည့်ကာလ၌ အသက် (၇၂) နှစ်ရှိပြီး ဒုဥက္ကဌတာဝန် ထမ်းဆောင်နေဆဲဖြစ်သည်။
(၁၉၈၉) ခုနှစ်၊ သြဂုတ် (၈) ရက်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် ABSDF မှဦးဆောင် ကျင်းပသော ရှစ်လေးလုံး နှစ်ပတ်လည် တစ်နှစ်ပြည့်မြောက်ခြင်း အခမ်းအနားတစ်ရပ် ဘုရားသုံးဆူတွင် ကျင်းပနေစဉ် နိုင်နွန်လာ စင်မြင့်ပေါ်၌ သဘာပတိမိန့်ခွန်းပြောကြားရင်း နှလုံးသွေးရပ်၍ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က မွန်ပြည်သစ်ပါတီဗဟိုသည် ဘုရားသုံးဆူမြို့အနီး၌တည်ရှိနေပြီး ရှစ်လေးလုံးသပိတ်အပြီး မွန် တော်လှန်ရေး နယ်မြေသို့ရောက်ရှိလာသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် ABSDF အား ဘုရားသုံးဆူရွာ (ယခုမြန်မာအပိုင်းဘုရားသုံးဆူမြို့)၌ မွန်ပြည်သစ်ပါတီမှ အခြေပြုစေခဲ့သည်။
ရှစ်လေးလုံးသပိတ်ကာလအပြီးတွင် မြန်မာကျောင်းသားများနည်းတူ မွန်ကျောင်းသားတစ်ထောင့်ငါးရာခန့် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်။