လုံခြုံရေးမပါသော နအဖ စစ်လက်နက်ပစ္စည်း ကေအဲန်ယူ သိမ်းယူဖျက်ဆီး

လုံခြုံရေးမပါသော နအဖ စစ်လက်နက်ပစ္စည်း ကေအဲန်ယူ သိမ်းယူဖျက်ဆီး
by -
မင်းချမ်း

လယ်ယာသုံး ထော်လာဂျီကား နှစ်စီးဖြင့် နအဖ စစ်လက်နက်များ တင်ဆောင်လာစဉ် လုံခြုံရေး မပါရှိ သောကြောင့် ကေအဲန်ယူမှ သိမ်းပိုက်....

လယ်ယာသုံးထော်လာဂျီကား နှစ်စီးဖြင့် နအဖ စစ်လက်နက်များ တင်ဆောင်လာစဉ် လုံခြုံရေး မပါရှိ သောကြောင့် ကေအဲန်ယူမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မဟာ(၆) ပြန်ကြားရေး ဌာနတာဝန်ခံ ဗိုလ်ကြီး စောထဲနေက ပြောသည်။

“မထင်မှတ်တဲ့နေရာမှာ ကျနော်တို့ရဲဘော်သုံးယောက် နအဖစစ်ကြောင်းကို ပြောက်ကျားပစ်ဖို့စောင့်နေရင်း စစ်သားတွေမပါတဲ့ ထော်လာဂျီလယ်ထွန်စက်ကားနှစ်စီးရောက်လာတယ်၊ အဲဒီမှာ သူတို့စစ်လက်နက်ပစ္စည်းတွေ တွေ့လိုက်ရတာပဲ၊ နအဖစစ်ကြောင်းကတော့ နောက်ကနေကျန်ခဲ့တယ်”ဟု ဗိုလ်ကြီးစောထဲနေ ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ညနေ(၄) နာရီခန့်တွင် ကြာအင်းဆိပ်ကြီးမှ ကျိုက်ဒုံအကြား ခုတ်ခွားရွာအနီး၌ နအဖ လုံခြုံရေး စိုးမိုးထားရာနယ်မြေအတွင်း၌ ယခုကဲ့သို့သိမ်ဆည်းရမိခြင်းဖြစ်သည်။

“သယ်နိုင်တဲ့ပစ္စည်းတွေကိုပဲ ယူလာရတယ်၊ လူမသယ်နိုင်တဲ့ဟာတွေကိုတော့ မီးရှို့ဖျက်ဆီးလိုက်တယ်”ဟု တပ်မဟာ(၆) ပြန်ကြားရေးဌာနတာဝန်ခံက ဆက်ပြောသည်။

ကေအဲန်ယူမှ မသယ်ဆောင်နိုင်သော အော်လီဂန်း(0.5 mm) တစ်လက်၊ သူရကြေးနန်းစက်တစ်လုံး၊ 88 mm ဗုံးသီး(၈) လုံးကို သိမ်းဆည်းသည့်နေရာတွင်ပင် စုပုံမီးရှို့ဖျက်ဆီးလိုက်သည်လည်း ဆိုပါသည်။

“အော်လီဂန်းဆိုတာ လေယာဉ်ပစ်နိုင်တဲ့စက်သေနတ်ကြီးပဲ၊ လူသုံးယောက်နဲ့တော့ မသယ်နိုင်ပါဘူး၊ သူ့ကို ဖျက်ဆီးဖို့လည်း မလွယ်ပါဘူး၊ ဒါပေမယ့် ဗုံးသီးနဲ့အတူမီးရှို့ရင်တော့ ပေါက်ကွဲမှုကြောင့် ပျက်ဆီးသွားမှာပဲ” ဟုထိုင်းအခြေစိုက်စစ်ရေးလေ့လာသူတစ်ဦး ပြောဆိုသည်။

ထို့နောက် ကျောပိုးအိပ်(၈) လုံး၊ RPG-7 ပို့ယမ်း(၈) ခု၊ M-40 မြေမြှုပ်မိုင်းတစ်လုံး၊ 81 mm လက်နက်ကြီး ယမ်းချပ်(၁၇) ခုနှင့် ဆေးပစ္စည်းအချို့ကိုသာ သယ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါစစ်လက်နက်ပစ္စည်းများကို ကျိုက်ဒုံစကခ(၈) ရှေ့တန်းဗျူဟာသို့ ခမရ (၄၀၁) စစ်ကြောင်းမှ သယ်ဆောင် လာစဉ် ကေအဲန်ယူတပ်မဟာ(၆) တပ်ရင်း(၁၇) တပ်ခွဲ(၁) ပြောက်ကျား (၃) ဦး သိမ်းပိုက်မိခဲ့ခြင်းဖြစ်သည်။

“ပေါဆမှုတရပ်ပဲ၊ ဘာဖြစ်လဲဆိုတော့ ဒီလောက်အရေးကြီးတဲ့စစ်လက်နက်တွေ လုံခြုံရေးမပါဘဲ ဒီအတိုင်း လွှတ်ရဲတဲ့ အရာရှိကတော့ ဘယ်လိုနေမလဲမသိဘူး၊ တဖက်မှာလည်း စစ်ကြောင်းလို့သာဆိုတယ် အင်အားက နည်းတော့ ကိုယ့်ကိုလည်းကိုယ်လုံခြုံအောင် မနည်းသတိထားနေရတာလဲရှိ၊ လုံခြုံရေး အင်အားအပြည့် မပေးနိုင်တာက တကြောင်း၊ နောက်ပြီး သူတို့လုံခြုံရေးစိုးမိုးနယ်မြေလို့ သတ်မှတ်တဲ့နေရာတွေမှာ ဒီလိုအဖြစ်မျိုး လုံးဝကြုံတွေ့လာနိုင်မှာမဟုတ်ဘူးလို့ တွက်ဆထားပုံရတယ်” ဟု ထိုင်းနယ်စပ်စစ်ရေးလေ့လာသူတစ်ဦး သုံးသပ်ပြောဆိုသည်။

အခြားသတင်းတစ်ရပ်အရ ယမန်နေ့တွင်လည်း ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၌ ကေအဲန်ယူတပ်ဖွဲ့နှင့် ခလရ (၆၂) စစ်ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်အစိုးရတပ်မှ ဒုရင်းမှူးအပါအဝင်(၈) ဦးသေ၊ (၁၄) ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းဌာနအသီးသီးတွင် ဖေါ်ပြကြသည်။

ပုံမှန်အားဖြင့် ကေအဲန်ယူနယ်မြေအတွင်း မြန်မာစစ်တပ်ထိုးစစ်ဆင်မှုများမှာ နှစ်စဉ် ခြောက်သွေ့ရာသီအဝင် နိုင်ဝင်ဘာလ များတွင် စတင်လေ့ရှိသည်။ သို့ရာတွင် ယခုနှစ်မိုးရာသီထိုးစစ်များကြောင့် မြန်မာစစ်အစိုးရ တပ်ဖွဲ့များ စစ်ရေးအရအထိနာခဲ့ကြောင်း ပြီးခဲ့သည့်သတင်းများကိုအခြေခံပြီး ထိုင်းနယ်စပ် စစ်ရေး စောင့်ကြည့်သူများ ထောက်ပြပြောဆိုကြသည်။

Most read this week