မွန်နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီသည် အခု ရက်ပိုင်းအတွင်း ချောင်းဆုံ မြို့နယ် ရေးမြို့နယ်နှင့် တနင်္သရီတိုင်း ရေဖြူမြို့နယ် ဘက်တွင် စည်းရုံးရေးဆင်း...
မွန်နိုင်ငံရေးပါတီတစ်ခု ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် အခုရက်ပိုင်းအတွင်း ချောင်းဆုံ မြို့နယ် ရေးမြို့နယ်နှင့် တနင်္သရီတိုင်း ရေဖြူမြို့နယ်ဘက်တွင် စည်းရုံးရေးဆင်းနေဆဲဟု ပါတီဝင်တစ်ဦးမှ ပြောပါသည်။
ပါတီ၏ ဥက္ကဌ နိုင်ငွေသိန်း ခေါ် နိုင်ဇနူမွန် ဦးဆောင်ပြီး ဇူလိုင် (၂၂) ရက်နေ့တွင် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ၌ ပါတီစည်းရုံးရေး ခရီးဆင်းခဲ့ပြီး ပါတီရဲ့ ရုံးခွဲကို ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ အခန်းအနားတွင် မွန်ရွာ (၁ဝ) ရွာက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ၏ အမာခံပါတီဝင် တစ်ဦးမှ ပြောပါသည်။
အဆိုပါ စည်းရုံးရေးခရီးတွင် ဒေသခံအစိုးရ အာဏာပိုင်တွေကနေ အမြဲတမ်း စောင့်ကြည့်နေသည်ဟု အခုလို ပြောပါသည်။
“ဥက္ကဌက ဦးငွေသိန်းပါတယ်။ နိုင်စိုက်ပါတယ်။ နိုင်ကျန်ရစ်(မွန်အဆိုတော်လျးဟံမန်)ပါတယ်။ ကျွန်တော်တို့ ချောင်းဆုံမြို့နယ်ထဲမှာ (၁ဝ)ရွာလောက်တက်ကြတယ်။
လူပေါင်းကျတော့(၁ဝဝ)နီးပါးပေါ့နော်။ ရဲတို့ အက်ပီတို့က နှောက်ယှက်တာတော့မရှိပေမဲ့ စောင့်ကြည့်နေတဲ့အစိပ်အပိုင်းကျတော့ရှိတယ်။
ဥပမာ ကျွန်တော်တို့သတ်မှတ် ထားတဲ့အချိန် ဒီနေ့သူတို့ကိုခွင့်တောင်းထားတယ် (၁၁)နာရီအစည်းအဝေးကျင်းပ မယ်ဆိုရင် (၁ဝ)နာရီကတည်းက အဲဒီမှာ ဝန်းကျင်မှာ သူတို့ရောက်နေကျတယ်။ အဲဒီမှာအရပ်ဝတ်နဲ့ဘဲ။
ကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်အတွင်း အစည်းအဝေးပြီးတဲ့အချိန်ကာလအထိ ကျွန်တော်တို့နဲ့ အနီးကပ်ဆုံးပေါ့နော်။ သူတို့လိုချင်တဲ့အချက်အလက်တွေကို တောင်းထားတာလဲရှိပါတယ်။”
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စည်းရုံးမဆင်းခင်အချိန်ကတည်းက ဒေသခံအာဏာပိုင်များမှ မွန်နိုင်ငံ ရေးပါတီထဲမပါဝင်အောင် ခြိမ်းခြောက်မှုတွေ ရှိခဲ့သည့်အတွက်ကြောင့် စည်းရုံးရေးခရီးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု အမာခံပါတီဝင်တစ်ဦးမှပြောပါသည်။
ပါတီရဲ့အထွေထွေအတွင်းရေးမှူးဒေါက်တာမင်းနွယ်စိုးနှင့် အလုပ်အမှုဆောင်ကော်မီတီဝင် ဒေါက်တာ ဗညားအောင်မိုးတို့ ဦးဆောင်သော အဖွဲ့သည်လည်း ရေးမြို့နယ်နှင့်ထားဝယ်ခရိုင်ရေဖြူမြို့နယ်ဘက်တွင် စည်းရုံးရေး ခရီး ဆင်းနေသည်ဟု ပါတီနှင့်နီးစပ်သူတစ်ဦးကပြောပါသည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ဇူလိုင်လ(၁၁)ရက်နေ့က မော်လမြိုင်မြို့ဌာနချုပ်ရုံးတွင် အစည်း အဝေးကျင်းပခဲ့ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီ(၂၁)ဦးကို ရွေးချယ်ခဲ့ပါသည်။
ဗဟိုအလုပ်မှုဆောင် ကော်မတီ စာရင်းများနှင့် ပါတီဝင်အင်အား(၁ဝဝဝ)ကျော်စာရင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ စာရင်း တင်ထားပြီးဟု ပါတီရဲ့ဥက္ကဌဖြစ်သူ နိုင်ငွေသိန်းခေါ် နိုင်ဇနူမွန်မှပြောပါသည်။