ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ဂွင်တွင် လှုပ်ရှားနေသည့် ခမရ ((၄ဝ၉) တပ်ရင်းလှုပ်ရှားစစ်ကြောင်း (၂)မှ မွန်ပြည်သစ်ပါတီ၏ အရန် တပ်သားများနှင့် ဒေသခံရွာသားတွေအပေါ် ပေါ်တာ ဖမ်းဆီးခဲ့သည့် ကိစ္စကို မွန်ပြည်သစ်ပါတီကနေ ကန့်ကွက်ခဲ့အပြီး ဇူလိုင်လ (၁၆) တွင် ပါတီအရန် တပ်သားတွေကို ပြန်လွှတ်ပေးခဲ့သည်ဟု ပါတီအရာရှိငယ်တစ်ဦးမှ ပြောပါသည်။
မွန်ပြည်သစ်ပါတီအရန်တပ်သားများအပေါ် ပေါ်တာဖမ်းဆီး မှုနှင့်ပက်သက်ပြီး မွန်ပြည်သစ်တပ်မှူးငယ်တစ်ဦးကိုဆက်သွယ် မေးမြန်းရာတွင် အခုလိုပြောပါသည်။
“တပ်ရငး်(၄ဝ၉)ပေါ့လေ။ ချောင်းဆုံကနေ ချိန်းတဲ့နေရာမှာ ဂျော်ပလုရွာက မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ (၃)ယောက်နဲ့ တဒိန်က အရန်တပ်ဖွဲ့ တစ်ယောက်၊ အားလုံးပေါင်း(၄)ယောက် ပေါ်တာအဖြစ်ဆွဲသွားတယ်လေ။ စစ်တပ်ရဲ့အထုတ်အပိုးတွေ သူတို့ကျည်ဆန်တွေထမ်းခိုင်းပါတယ်။”
မွန်ပြည်သစ်ပါတီအရန်တပ်သားများအနေနှင့် မိမိတို့သည် မွန်ပြည်သစ်၏အရန်တပ်သားတွေဖြစ်ကြောင်း ရှင်းပြခဲ့သော်လည်း စစ်အစိုးရတပ်မှ လက်မခံဘဲဖမ်းဆီးခဲ့သည်ဟု လွတ်မြောက်လာသည့်အဖွဲ့ဝင်တစ်ဦးမှ ပြောပါ သည်။
မွန်ပြည်သစ်ပါတီအနေနှင့်ဤလုပ်ရပ်အပေါ် ဘုရားသုံးဆူမြို့အခြေချအမှတ်(၃၂)တပ်ရင်းမှူးထံ ကန့်ကွက် အကြောင်းကြားခဲ့ပြီး (၆)ရက်အကြာတွင် ပြန်လွတ်လာသည်ဟု မွန်ပြည်သစ်ပါတီတပ်မှူးတစ်ဦးမှပြောပါသည်။
ပြန်လည်လွတ်မြောက်လာသည့် ဂျော်ပလုကျေးရွာမှအရန်တပ်သားများကို ဆက်သွယ်မေးမြန်းခဲ့ရာ၌ မိသားစု ဝင်တစ်ဦးက အခုလိုပြောပါသည်။
“စနေနေ့ကလွတ်လာတယ်။ သူကိုကျည်ဆံပေးထမ်းတယ်။ ဆန်နဲ့ကျည်ဆံပေါ့။ ကြောမှာလဲ အနာဖြစ်သွား တယ်။ သူ့ပုခုံးမှာလဲအနာဖြစ်သွားတယ်။ နှစ်ရက်လောက်အလုပ်မဆင်းနိုင်ဘူး။”
ဘုရားသုံးဆူမြို့နယ်တွေမှာ ပေါ်တာဖမ်းမှုမရှိတာကြာပြီးဖြစ်၍ ယခုလိုပေါ်တာဖမ်းသည့် လုပ်ရပ်သည် မွန်ပြည်သစ်ပါတီအပေါ် မထေမဲ့မြင်မှု ပြုသည့်လုပ်ရပ်တစ်ခုဟု ပါတီအရာရှိတစ်ဦးမှသုံးသပ်ပြောဆိုပါသည်။
မွန်ပြည်သစ်ပါတီ၏အရန်တပ်သားများအပေါ် ပေါ်တာဖမ်းခဲ့သည့်ကိစ္စသည် ဌာနေပြည်သူ့စစ် အသွင်ကိုလက်မခံသည့် မွန်ပြည်သစ်အပေါ် စစ်ရေးအရအကဲစမ်းမှုလုပ်ရပ်တစ်ခုဟု နယ်စပ်စစ်ရေးအကဲခတ်သူများက ပြောဆိုနေ ကြောင်းသိရသည်။