ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ဆွိုင်းစားသောက်ဆိုင်ပိုင်ရှင် စောသန်းအောင် ရက်စက်စွာ အသတ်ခံထားသည့် ရုပ်အလောင်းအား မြို့လယ်ဥဒေါင်းကန်နံဘေးတွင် ယနေ့နံနက်ပိုင်း၌ တွေ့ရှိခဲ့ရသည်။
“ညဆယ်နာရီလောက်မှာ ဖုန်းနဲ့ စကားပြောပြီး ဆိုင်ကနေပြီး အပြင်ထွက်သွားတာ ဒီမနက်ကျတော့မှ အခုလို အသတ်ခံရတာကို သိရတယ်” ဟု နီးစပ်သူတဦးက ပြောပါသည်။
အဆိုပါသေ ဆုံးသူ၏ ဒူးခေါင်း၊ ခြေထောက်နှင့် ပါးစပ်၊ လည်ပင်းတို့တွင် ကြိုးများဖြင့် ချည်နှောင်ထားပြီး တုတ်ဖြင့် အသေရိုက်သတ်ခဲ့ဟန် ဖြစ်ပုံရကြောင်း ဘုရားသုံးဆူမြို့မှ အမည်မဖေါ်လိုသော ရဲတဦးက သုံးသပ်ပြောဆိုခဲ့သည်။
ယခု အသတ်ခံခဲ့ရသော အသက် (၃၈) နှစ်ခန့်ရှိ စောသန်းအောင်မှာ ဗိုလ်ချုပ် ထိန်မောင်၏ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KNU/KNlA-PC မှ တပ်စုမှူးတဦး သိရသည်။
ထို့အပြင် စောသန်းအောင်မှာ ဘုရားသုံးဆူမြို့ပေါ်၌ နာမည်ကြီးသော ဆွိုင်းစားတော်ဆက်၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဆွိုင်းစားတော်ဆက်မှာ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ စသည့် လုပ်ငန်းများဖြင့် နာမည်ကြီးနေကြောင်း မြို့ခံများ ပြောကြားချက်အရ သိရသည်။
ဘုရားသုံးဆူမြို့ရှိ ရဲတစ်ဦး၏ ပြောဆိုိချက်တွင် “ပြီးခဲ့တဲ့ ၉ ရက်နေ့က ထိုင်းတွေ ဖမ်းမိသွားတဲ့ ရာဘဆေးပြား ကိစ္စနဲ့ ဆက်နွယ်မှုတွေ ရှိနိုင်တယ်” ဟု သုံးသပ်ပြသည်။
လွန်ခဲ့သော ဇူလိုင်လ ၉ ရက်နေ့တွင် စံခလပူရီမြို့အထွက် တံတားဖြူ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဘုရားသုံးဆူမြို့နေ ထိုင်းမှတ်ပုံတင်အတု ကိုင်ဆောင်ထားသူ နိုင်မစ်ဆိုသူအား ရာဘစိတ်ကြွဆေးပြား တစ်သောင်းကျော် သယ်ဆောင်လာစဉ် ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးရမိသည်ဟု လွတ်လပ်သော မွန်သတင်းဌာနမှ ရေးသားဖေါ်ပြခဲ့သည်။
ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံသို့ တင်သွင်းသော ရာဘမူးယစ်ဆေးပြားများကို ထိုင်းအာဏာပိုင်တို့ မကြာခဏ ဖမ်းဆီးရမိခဲ့သော်လည်း အဆိုပါ ဒေသ၌ မြန်မာအာဏာပိုင်များ ဖမ်းဆီးမိသည့် သတင်း မကြားသိရသေးပေ။
မြန်မာပြည်မှ မူးယစ်ဆးဝါးများ နယ်စပ်အရောက် သယ်ဆောင်နိုင်မည့် သူများမှာ မြန်မာစစ်အစိုးရနှင့် နီးစပ်သော လက်နက်ကိုင် အဖွဲ့အစည်း များသာ ဖြစ်နိုင်ကြောင်း မူးယစ်ဆေးစောင့်ကြည့်လေ့လာသူများ ယူဆနေသည်။