ဘုရားသုံးဆူနယ်စပ် ပြဿနာ သဘောတူညီမှု ရရှိ

ဘုရားသုံးဆူနယ်စပ် ပြဿနာ သဘောတူညီမှု ရရှိ
by -
မင်းထက်အောင်
ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ဘုရားသုံးဆူဒေသ ထိုင်း-မြန်မာနယ်စပ် အငြင်းပွားမှု ပြဿနာ ကိစ္စရပ်များ နှစ်ဖက်သဘောတူညီမှုများ ရရှိ..

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ဘုရားသုံးဆူဒေသ ထိုင်း-မြန်မာနယ်စပ် အငြင်းပွားမှု ပြဿနာ ကိစ္စရပ်များ နှစ်ဖက်သဘောတူညီမှုများ ရရှိခဲ့ကြသဖြင့် ပြေလည်မှု ရရှိခဲ့သည်။

ဘုရားသုံးဆူဒေသ၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်ခြားကော်မတီဥက္ကဌများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နေ့လည်စာ စားပွဲတစ်ရပ်ကို ထိုင်း ဒေသစံတော်ချိန် ယမန်နေ့နံနက် (၁၁) နာရီတိတိတွင် ထိုင်းနိုင်ငံ၊ ကန်ချပူရီခရိုင်၊ စံခလပူရီမြို့ အနီးရှိ BASINI ENTERPRISE Co.Ltd. ရုံးခန်းအတွင်း နှစ်ရီကြာခန့် ကျင်းပခဲ့ရာ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သူ ထိုင်းဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

“မြန်မာတို့ ခင်းထားတဲ့ ကွန်ကရိလမ်းကို သူတို့ ဆက်ပြီး မလုပ်တော့ဘူး၊ အခု ခင်းပြီးတဲ့ ကွန်ကရိတွေ ပြန်ဖျက်ဖို့ကိုတော့ ထိုင်းတို့က ငွေကြေး အကုန်အကျခံရမယ်” ဟု အဆိုပါ ထိုင်းဝန်ထမ်းက ဆက်ပြောသည်။

သို့ရာတွင် မည်သည့် နေ့ရက်တွင် ခင်းကျင်းပြီးသော ကွန်ကရိများ စတင်ဖျက်ဆီးမည်ကို မသိရသေးဟု ဆိုပါသည်။ မြန်မာကုန်သည်တစ်ဦးက “ ကုန်သည်တွေဆီက ငွေကောက်ယူပြီး ဒီလမ်းကို ခင်းခဲ့တာ၊ တကယ်လို့ ပြန်ဖျက်မယ်ဆိုရင် အလကား ငွေဖြုန်းတီးပစ်တာပဲ” ဟု ပြောသည်။

လမ်းပြင်အလုပ်သမားတစ်ဦး အဆိုအရ ယခု လုပ်လက်စ လမ်းကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ သုံးသိန်းကျော်ခန့် ကုန်ကျခဲ့ပြီး ကျပ်ငွေသိန်း တစ်ရာခန့် မြန်မာတို့ အဆုံးရှုံးခံရမည် ဖြစ်သည်။
ထို့အတူ မြန်မာတို့ ပိတ်ထားသော နယ်စပ် မလွယ်ပေါက်များကိုလည်း ယမန်နေ့တွင် ပုံမှန်ပြန်ဖွင့်ပေးသည့်အတွက် မြန်မာအလုပ်သမားများနှင့် ထိုင်းကုန်စည်ကားများ ယခင်ကဲ့သို့ ပြေးဆွဲနေသည်။

ထိုင်း-မြန်မာနယ်စပ် ဘုံဆိုင်မြေ No Man Land ဧရိယာအတွင်း မြန်မာအာဏာပိုင်များ မီတာ ၅၀၀ ခန့်ရှိ ကွန်ကရိလမ်းတစ်ခု ပြုလုပ်ခဲ့သည်ကို ထိုင်းတို့ တားမြစ်သဖြင့် မြန်မာဖက်မှ နယ်စပ်မလွယ်ပေါက်များကို  ထိုသို့ ပိတ်ခဲ့ရခြင်းဖြစ်သည်ဟု သတင်းများတွင် ဖေါ်ပြကြသည်။

သို့သော်လည်း ယခင် လေးနှစ်ကြာ ပိတ်ထားဆဲ တရားဝင် ကုန်သွယ်ရေး ပင်မဂိတ်ကြီးအား ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တလျောက် တာချီလိတ်မှ ကော့သောင်းအထိ ကီလိုမီတာ ၂၇၀၀ ကျော်ခန့်ရှည်လျှားစွာ ထိစပ်နေပြီး နယ်ခြားမှတ်တိုင်များ အတိအကျ မသတ်မှတ်နိုင်သေးပေ။

နယ်ခြားမှတ်တိုင်မျဉ်းကြောင်းများ သတ်သတ်မှတ်မှတ် မရှိသဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် နှစ်နိုင်ငံ ဒေသအာဏာပိုင်များအကြား နယ်မြေ နှင့် ပတ်သက်၍ မကြာခဏ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်ကို ကြားသိနေရသည်။