မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အလွန် ထိုင်းနိုင်ငံ စံခလပူရီမြို့ မရောက်ခင် စံခလယ်ကျေးရွာအနီး ဇူလိုင်(၇) ရက်နံက်(၁၂)ခွဲအချိန်တွင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး မှောက်သွားရာတွင် အလုပ်သမား (၉)ဦးလောက် ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
အဆိုပါ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တင်ဆောင်လာသည့် ကားပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟုလည်း ဒေသခံများမှ ပြောပါသည်။
ကားတိမ်းမှောက်ပြီး နောက်ဆက်တွဲ အခြေအနေများကို မျက်မြင်သက်သေ တစ်ဦးက အခုလိုပြောပါသည်။
“ကားမှောက်တာ အကုန်လုံး (၃၈)ယောက်လေ။ (၃၈)ယောက်မှာ ဒါဏ်ရာပြင်းတာက (၉)ယောက်၊ (၉) ယောက်ထဲက တစ်ယောက်ဟာ ကန်ပူရီဆေးရုံကို ပို့ထားရတယ်။ ကျန်တဲ့ (၈)ယောက်က ဝင်းကဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးဝါးကုသခံနေရတယ်။
ဒါဏ်ရ အနည်းအကျဉ်း ရထားသည့်သူများ အပါအဝင် ကျန်ရှိနေသည့် တရားမဝင် အလုပ်သမားများကို စံခလ ပူရီရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၄င်းတို့၏ အခြေအနေနှင့် ပက်သက်ပြီး ထိုင်းအဏာပိုင်များနှင့် နီးစပ်သူတစ်ဦးကို မေးမြန်းခဲ့ရာတွင် ယခုလို ပြောပါသည်။
“ခိုးဝင်တဲ့ လူတွေကတော့ မြို့ထဲမှာ အလုပ်သွားလုပ်မဲ့ သူတွေပါ။ သူတို့ကို မြန်မာနယ်စပ်မှာ ပြန်သွန်မှာပေါ့။ ဒါဏ်ရာနဲနဲရတဲ့ သူတွေကတော့ ဆေးရုံမှာ ဆေးထည့်ပြီးတော့ ရဲစခန်း ထိန်းထားတယ်။ မနက်ဖန်လောက် သွန်မယ်ထင်တယ်။”
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ဖို့ အမိန့်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝက ဇွန်(၂)ရက်စွဲနှင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ အပြီးမှာ ဖမ်းဆီးမှုတွေ များပြားလာပါသည်။
ထိုင်းအစိုးရအနေနှင့် မည်သို့ပင်စီမံချက်ချ ဖမ်းဆီးမှုများလုပ်နေသော်လဲ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကတော့ လမ်းကြောင်းအမျိုးမျိုးကနေ ခိုးဝင်လာဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်၌ နိုင်ငံရေး မတည်ငြိမ်မှု စီးပွါးရေးနိမ့်ကျမှု ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် ထိုင်းနိုင်ငံအတွင်းကို အလုပ်အကိုင် ရှာဖွေလုပ်ကိုင်လာမှု ပိုများပြားလာသည်ဟု အလုပ်သမားအရေး လေ့လာသူများက ဆိုပါသည်။