အင်းစိန်ထောင် စစ်ကြောရေး စခန်းအတွင်း အထိန်းသိမ်းခံနေရသည့် ဦးဇင်းဇော်လတ် ခေါ် အရှင်ဥက္ကံသသည် ထောင်အာဏာပိုင်များ နှိပ်စက်မှုဒါဏ်ကြောင့် ကျောက်ကပ်ယောင် ဝေဒနာ ခံစားနေရသော်လည်း ထောင်ဆေးရုံတွင် ဆေးဝါးကုသခွင့် မပြုသေးဟု မိသားစုဝင်များမှ ပြောပါသည်။
အရှင်ဥက္ကံသ၏ ကျန်းမာရေး အခြေအနေနှင့် ပက်သက်ပြီး စာသင်ဘက်တစ်ဦးဖြစ်သူ နိုင်အာကာမှ ယခုလို ရှင်းပြပါသည်။
“သူ့ညီမက တပါတ်ကို နှစ်ကြိမ် သူ့ကို ထောင်ဝင်စာ သွားတွေ့တယ်။ အဲဒီအခါမှာ သူ့ညီမကို သူပြောပြထားတာ ရှိတယ်။ သူက ကြာကြာထိုင်လို့လဲ မရဘူးပေါ့။ စစ်ကြောရေး စခန်းမှာ ရိုက်နှက်ထားတာ။ အဲဒီဒါဏ်တွေကို ခံနေရတာပေါ့။ သူ့ရောဂါ အခြေအနေက ကျောက်ကပ်ယောင်တာ ခါးနာတာ ရှိတယ်ပေါ့။ ဆေးဘဲ သောက်နေရသေးတယ်။ ဆေးရုံတော့ လောလောဆယ်ဆယ်တော့ တင်ခွင့် မရသေးဘူးပေါ့။”
(၂ဝ၁ဝ) ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် အရှင်ဥက္ကံသကို သံဖြူဇရပ်မြို့နယ် ရဲများမှ အထွေထွေရွေးကောက်ပွဲ ဆန့်ကျင်စာရွက်များ လက်တော့(ပ်) ကွန်ပျူတာ တစ်လုံး ဗွီဒီယိုကင်မရာ တစ်လုံးကို လက်ဝယ်တွေ့ရှိမှုနှင့် ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ အင်းစိန်အကျဉ်းထောင်တိုက် (၂) အခန်း (၁) တွင် ချုပ်နှောင်ထားဆဲ ဖြစ်သည်။ အရှင်ဥက္ကံသ၏ လက်ရှိ အမှုရင်ဆိုင်နေရသည့် အကြောင်းကို မေးမြန်းစုံစမ်းထားသော စာသင်ဘက်ဖြစ်သူ နိုင်အာကာမှ ယခုလို ပြောပြပါသည်။
“ထောင်ဝင်စာတွေ့တာက သူ့ညီမ တစ်ယောက်ပဲ တွေ့တယ်။ တခြားဘယ်သူမှ တွေ့ခွင့် မရှိဘူး။ သူ့ကို ရုံးတင်တာ (၇) ခါလောက် ရှိတယ်ပေါ့။ ဒေါ်ခင်ဌေးကြွယ်ကနေ သူ့အမှုကို လိုက်ပေးနေတယ်။ အမှု (၃) မှုနဲ့ သူ့ကို စွပ်စွဲထားတယ်။ တစ်ခုက (Electronic) ပုဒ်မရယ်။ နောက်တစ်ခုက တရားမဝင် ပုံနှိပ်တဲ့ ဥပဒေပုဒ်မရယ်။ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ဥပဒေပုဒ်မ သုံးခုနဲ့ သူ့ကို စွဲထားတယ်။”
အရှင်ဥက္ကံသကို မေလ (၁၄) ရက်နေ့မှ စပြီး အင်းစိန်ထောင် တရားရုံးတွင်် စစ်ဆေးပြီး ဖြစ်သော်လည်း ပြစ်ဒဏ်စီရင်ခြင်း မရှိသေးဟု သိရသည်။ ၄င်း၏ မိသားစုဝင် များကိုလည်း တရားရုံးတွင် ဝင်ရောက်နာကြားခွင့် မပြုခဲ့ဟု ဒေသခံတဦးမှ ပြောပါသည်။
အရှင်ဥက္ကံသကို ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တိုက် (၂) အခန်း (၁) တွင် ချုပ်နှောင်ထားဆဲ ဖြစ်ပါသည်။ မွန်ပြည်နယ်ချောင်းဆုံမြို့နယ် မုဒွန်းရွာဇာတိ သက်တော် (၂၈) နှစ်ရှိ အရှင်ဥက္ကံသသည် မွန်ပြည်နယ်မုဒုံမြို့နယ် နိုင်လှုံကျေးရွာ၊ အောင်ဇေယျပရိယတ္တိ စာသင်တိုက်တွင် လက်ထောက်စာချ ဆရာတော်တစ်ပါး ဖြစ်ပြီး အမျိုးသားရေး အတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသော မွန်မျိုးချစ်ရဟန်းပျိုတစ်ပါး ဖြစ်ပါသည်။