မွန်ပြည်နယ်၌ ကမ္ဘာ့ဖလား ဘော်လုံးပွဲနှင့်အပြိုင် လောင်းကစားမှုကြီးထွားလာ

မွန်ပြည်နယ်၌ ကမ္ဘာ့ဖလား ဘော်လုံးပွဲနှင့်အပြိုင် လောင်းကစားမှုကြီးထွားလာ
by -
ကိုသိုက်
(၂ဝ၁ဝ)ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲကို နိုင်ငံတစ်ဝှမ်းလုံးမှပြည်သူများ စိတ်ပါဝင်စားစွာအားပေးကြည့်ရှု နေကြသလို တဖက်တွင် ဘော်လုံးလောင်းကစားမှု လုပ်ငန်း သည်လည်း ကြီးထွားလာသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးမှ ပြောပါ သည်။ ထိုလောင်းကစားခြင်းကို လူကြီးများသာမက ကျောင်းသားလူငယ်များလည်းအများအပြား ပါဝင်လာ....

(၂ဝ၁ဝ)ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲကို နိုင်ငံတစ်ဝှမ်းလုံးမှပြည်သူများ စိတ်ပါဝင်စားစွာအားပေးကြည့်ရှု နေကြသလို တဖက်တွင် ဘော်လုံးလောင်းကစားမှု လုပ်ငန်း သည်လည်း ကြီးထွားလာသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးမှ ပြောပါ သည်။ ထိုလောင်းကစားခြင်းကို လူကြီးများသာမက ကျောင်းသားလူငယ်များလည်းအများအပြား ပါဝင်လာသည်ဟု ဆို၏။

“မော်လမြိုင်မှာဆိုရင် မြိုင်သာယာမှာ အောက်ကျင်းဘက်မှာ ပြောင်ဘဲလောင်းကစားလုပ်နေတယ်။ ဘော်လုံး ပွဲကိုရုံမှာဘဲပြတယ်။ အဲဒီရုံမှာဘဲလောင်းကစား လုပ်နေ တယ်။ အာဏာပိုင်တွေနဲ့အပေးအယူ လုပ်ထားလို့လားတော့ မသိဘူး။ ဘာမှစိုးရိမ်ရတဲ့အခြေအနေမရှိဘူး။ အဲဒီမှာလူငယ်တွေပိုများလာတာကို တွေ့ရတယ်ဗျ။”

ဘော်လုံးပွဲ လောင်းကစားမှုသည် မြို့ရော တော၌ပါပြန့်နှံ့နေသည်ဟုလည်းဆို၏။ ပြီးခဲ့သည့်ဘော်လုံး ပွဲစဉ်များတွင် အသင်းကြီးများမှာ ထင်သလောက်အောင်မြင်မှု မရရှိသဖြင့် လောင်းကစားသူများအရှံုးပေါ်နေကြောင်း ဝါသနာ ရှင်လူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင်ယခုလိုပြောပါသည်။

“ကျွန်တော်တို့ကအသင်းစွဲတွေများတယ်။ အသင်းကြီးတွေက သရေနဲ့အရှံုးဘဲများတော့ အထိနာတာပေါ့။ ညက စပိန်နဲ့ ဆွစ်စလန်ပွဲဆိုရင် အားလုံးကားတယ်။ ဒိုင်တွေဘဲဝါးတာများတယ်။”
ဘော်လုံးလောင်းကစားသည့်ပုံစံမှာအမျိုးမျိုးရှိပြီး ဘော်ဒီခေါ် တစ်သင်းခြင်းလောင်းသည့်ပုံစံ ဂိုးပေါင်းခေါ် ဂိုးအရေအတွက်လောင်းသည့်ပုံစံ ဖိုးကဒ်၊ဖိုက်ကဒ်ခေါ် အသင်းအတွဲလိုက်လောင်းသည့်ပုံစံဟူ၍အမျိုးမျိုးကွဲနေသည် ဟု အဆိုပါလူငယ်မှပြောပါသည်။ အချို့တတ်နိုင်သည့်သူများမှာ သိန်းဆယ်ဂဏန်းအထိ လောင်းကစားခြင်း ပြုနေသည်ဟု ဆိုသည်။

မော်လမြိုင်မြို့ပေါ်ရှိ အမည်မဖေါ်လိုသူဘော်လုံးလောင်းကစားဒိုင်တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် သူ့ အနေနှင့် သိန်းတစ်ရာထိသာလက်ခံကြောင်း ၄င်းအထက် လောင်းသည့်ငွေကို ရန်ကုန်သို့ပို့ပြီး ကော်မရှင်ခသာယူ ကြောင်း မိမိလျော်နိုင်သလောက် ငွေကိုသာလက်ခံကြောင်းပြောပါသည်။

ဘော်လုံးပွဲနှင့်လောင်းကစားမှုနှင့်ပက်သက်၍ ဘော်လုံးဝါသနာရှင်တစ်ဦးကမူ “သူတို့ကတွဲနေတယ်ခင်ဗျ။ ဘယ်လိုမှခွဲလို့မရဘူး။

ဟိုတုံးကျွန်တော်တို့ဘော်လုံးကန်တဲ့ခေတ်ကတည်းက ရှိ နေတယ်။ လောင်းကစားနဲ့မကင်းဘူး။ ဟိုတုံးကခေါက်ဆွဲစားတယ်ဆိုတဲ့ အခေါ်အဝေါ်တွေအခုထိသုံးနေတုံးဘဲ။

ရပ်ကွက်ဘော်လုံးကန်တာကအစပေါ့ဗျာ။ ဒါပေမဲ့အခုခေတ်ကပိုပြီးဆိုးလာတယ်။ ဟိုတုံးက စားရေးသောက်ရေး အတွက် အပျော်သဘောဘဲလောင်းတာဖြစ်ပေမဲ့ အခုတော့ စီးပွါးရေးဆန်ဆန်လောင်းကစားလာတယ်။ ဘဝပျက် သွားတဲ့ အဆင့်အထိတောင်ရှိလာတယ်။”

လက်ရှိအနေအထားအရ ကမ္ဘာ့ဖလားဘော်လုံးပွဲများကျင်းပနေချိန်တွင် ဘော်လုံးပွဲလောင်းကစားခြင်းအား သျှမ်းပြည်(မြောက်ပိုင်း)နမ့်ခမ်းမြို့နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်း၌ ပိတ်ပင်ထားကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှဖေါ်ပြထားသည်။ သို့သော်မွန်ပြည်နယ်ဘက်တွင်မူ ယခုအချိန်အထိ လောင်းကစားခြင်း လုပ်ငန်းများကို သက်ဆိုင်ရာအာဏာပိုင်များမှ လစ်လျှုရှုထားကြောင်း ဒေသခံများမှပြောပါသည်။