မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ
by -
မင်းချမ်း
ယနေ့စစ်အစိုးရထုတ်ဝေသောမြန်မာ၊ အင်္ဂလိပ်သတင်းများရှေ့စာမျက်ဖုံးတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု....

ယနေ့စစ်အစိုးရထုတ်ဝေသောမြန်မာ၊ အင်္ဂလိပ်သတင်းများရှေ့စာမျက်ဖုံးတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု လိုက်ပြီဟု ဖေါ်ပြပါရှိခဲ့သည်။

All Mon Region Democracy Party  ခေါ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရုံးမှ အမည်မဖေါ်လိုသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းရာခဲ့တွင် အဆိုပါခွင့်ပြုချက်ကို ယမန်နေ့က သိရှိခဲ့ပြီးဖြစ်သည်ဟု အတည်ပြုပြောကြားပါသည်။

သို့ရာတွင် မည်ကဲ့သို့ဆက်လက် လုပ်ဆောင်သွားမည်ကို ရက်ပိုင်းစောလွန်းသေးသဖြင့် မပြောနိုင်သေးဟု ဆိုပါသည်။

AMRDP ရုံးမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ အထက(၁၂)အနီး၊ လမ်း(၂၀)၊ ဦးပိုင်အမှတ်(ခ/၂၃)၊ မြေကွက်အမှတ်(၇)တွင် ပါတီရုံးဖွင့်လှစ်ထားသည်။

စစ်အစိုးရ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်က ကြေညာချက်အမှတ် (၅၁/၂၀၁၀)၊ ၁၃၇၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်(၂၀၁၀ ပြည်နှစ်၊ မေလ ၂၄ ရက်) နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၁၃) ဖြစ်သည်ဟု ဖေါ်ပြထားသည်။

AMRDP

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMRDP မှ ကိုယ်စားလှယ်လောင်းနေရာ ၅၃ ဦးလျာထားကြောင်း ပါတီခေါင်းဆောင် နိုင်ငွေသိန်း(နိုင်ဂျနူမွန်)နှင့် ယခင်ဆက်သွယ်မေးမြန်းချက် တစ်ရပ်တွင် ကောင်းဝါသို့ ပြောကြားခဲ့သည်။

AMRDP မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မွန်တိုင်းရင်းသားကိုယ်စားပြုပါတီ တစ်ရပ် တည်းသာ ဖြစ်သောကြောင့် မွန်လူငယ်အများအပြား ယင်းပါတီသို့ဝင်ရောက်လာဖွယ်ရှိနိုင်ကြောင်း ယူဆနိုင်သော်လည်း မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့MNDF နှင့် အပစ်ရပ်မွန်ပြည်သစ်ပါတီ NMSP တို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို လက်မခံသဖြင့် လက်တွေ့လှုပ်ရှားမှုတွင် ပါတီရံပုံငွေတည်ထောင်နိုင်ရေးအတွက် အခက်အခဲရှိနိုင်သည်ဟု ပြောဆိုနေကြသည်။

ထို့အပြင် တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီတို့သည်လည်း စစ်အစိုးရက မှတ်ပုံတင်ခွင့်ပြုခဲ့သည်ကို ယနေ့သတင်းစာများတွင် ပါရှိသည်။

စစ်အစိုးရရွေးကောက်ပွဲကော်မရှင်၏နောက်ဆုံးးထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားပြီးသည့်ပါတီ ၄၀ ရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၂၈ ပါတီအနက် ၁၄ ပါတီကိုမှတ်ပုံတင်ပြုခဲ့ကြောင်း သိရသည်။