နအဖစစ်သားတချို့ အရာရှိကိုပစ်သတ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့သို့ ဘက်ပြောင်းလာ

နအဖစစ်သားတချို့ အရာရှိကိုပစ်သတ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့သို့ ဘက်ပြောင်းလာ
by -
မင်းချမ်း
တပ်ကြပ်တစ်ဦးအပါအဝင် နအဖစစ်သား ၆ ဦး ၄င်းတို့အရာရှိကိုပစ်သတ်ပြီး စစ်လက်နက်များနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့သို့ ယခုလ ၁၆ ရက်နေ့တွင် ဘက်ပြောင်းခိုလှုံလာကြောင်း ALP ဒုဥက္ကဌခိုင်စိုးနိုင်အောင်က ကောင်းဝါသတင်းဌာနကို....

တပ်ကြပ်တစ်ဦးအပါအဝင် နအဖစစ်သား ၆ ဦး ၄င်းတို့အရာရှိကိုပစ်သတ်ပြီး စစ်လက်နက်များနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့သို့ ယခုလ ၁၆ ရက်နေ့တွင် ဘက်ပြောင်းခိုလှုံလာကြောင်း ALP ဒုဥက္ကဌခိုင်စိုးနိုင်အောင်က ကောင်းဝါသတင်းဌာနကို ပြောကြားပါသည်။

“တပ်တွင်းအောက်ခြေစစ်သားက သူတို့အရာရှိကိုမကြေနပ်လို့ အခုလိုသူတို့စခန်းမှူးကို အသေပစ်သတ်ပြီး ကုလားတန်အခြေစိုက် ရခိုင် လွတ်မြောက်ရေး တပ်ဖွဲ့ဆီကို လက်နက်တွေနဲ့ ခိုလှုံလာတာဖြစ်တယ်၊ ရခိုင်သုံးယောက်နဲ့ ဗမာသုံးယောက်လို့သိရတယ်” ဟု ခိုင်စိုးနိုင်အောင်က ဖြစ်စဉ်နှင့်တကွရှင်းပြပါသည်။

အသေပစ်သတ်ခံရသည့် အရာရှိမှာ ရခိုင်ပြည်နယ်၊ စစ်တွေ၊ ရေချမ်းပြင်အခြေစိုက် ခလရ ၂၃၂ တပ်ရင်း၊ စစ်ကြောင်း(၁) မြိတ်ဝတပ်စခန်းတွင် တာဝန်ကျနေသူ ဗိုလ်ကြီးထက်အောင်ထွန်း ဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သတင်းနှင့်ပြန်ကြားရေးဌာနထုတ်ပြန်သော သတင်းအရသိရသည်။

၄င်းတို့စစ်ဗိုလ်ကိုပစ်သတ်လိုက်ပြီးနောက် နအဖစစ်သား ၆ ဦးကို တပ်ကြပ်သန်းအေးဦးဆောင်ပြီး MA-11 ၅ လက်၊ MA-12 တစ်လက်၊ MA-3 နှစ်လက်၊ MA-79 တစ်လက်ဗုံးသီး ၁၉ လုံး၊ B-100 (ကွန်မင်ဒိုစိန်ပြောင်း) တစ်လက်အသီး ၁၂ လုံး၊ ၉ မမပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး ၆ လုံး၊ နင်းမိုင်းM-16- ၆ လုံး၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးနှင့် လက်နက်ငယ်ကျည်မျိုးစုံ ၁၃၀၈ တောင့်ကို ALP သို့အပ်နှံခဲခြင်း ဖြစ်သည်။

ယခုကဲ့သို့ မိမိအရာရှိကိုပစ်သတ်ပြီး လက်နက်ကျည်ဆံများနှင့်အတူ နီးစပ်သည့်တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ ဘက်ပြောင်းလာခြင်းမှာ မြန်မာစစ်အစိုးရတပ်ဖွဲ့အတွင်း အထက်အောက်မကြေလည်သည့် ပြဿနာကို မီးမောင်းထိုးပြနေသည်ဟု အကဲခတ်အချို့ ရှုမြင်သုံးသပ်ကြသည်။

၂၀၁၀ ခုနှစ်အစ လပိုင်းများတွင်လည်း တပ်မ ရ၇ လက်အောက်ခံတပ်ရင်းများ တပ်တွင်းပုန်ကန်မှုများရှိခဲ့ကြောင်း ထိုစဉ်က သတင်းဌာန ကြီးများတွင် ဖေါ်ပြခဲ့ကြသည်။

Most read this week