ယမန်နေ့နံနက် စောစောပိုင်းတွင် ကေအင်န်ယူ ပြောက်ကျားပစ်ခတ်မှုကြောင့် နအဖစစ်ကြောင်း တစ်ကြောင်း အထိအခိုက်အကျအဆုံးများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ကေအင်န်ယူ တပ်မဟာ (၆) ပြောခွင့်ရပုဂ္ဂိုလ် ဗဒိုစောထဲနေ ကောင်းဝါသို့ ပြောကြားပါသည်။
အဆိုပါတိုက်ပွဲသည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျုံခဝန်းရွာနှင့် တောင်ဒီရွာအကြား တိုက်ပွဲကြာချိန် ခြောက်နာရီထက်မနည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
“လောလောဆယ် တပ်ရင်း ၁၆ နဲ့ အဆက်အသွယ်ကောင်းကောင်းမရသေးလို့ ဘယ်လိုဖြစ်ခဲ့တာကို အတိအကျမပြောနိုင်သေးဘူး၊ ကျနော်သိရသလောက်တော့ နအဖက ရ ယောက်ကျတယ်၊ ကေအင်န်ယူတစ်ယောက် ကျတယ်၊” ဟု အဆိုပါ ကေအင်န်ယူ တပ်မဟာ ၆ ပြောခွင့်ရပုဂ္ဂိုလ် ဆက်လက်ပြောကြားခဲ့သည်။
စစ်အစိုးရနှင့်နီးစပ်သူတစ်ဦးက အဆိုပါတိုက်ပွဲတွင် မြန်မာအရာရှိဗိုလ်ကြီးတစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာနှင့် ကျဆုံးမှုအများအပြားရှိခဲ့ပြီး အနည်းဆုံးလက်နက်(၇) လက် ကေအင်န်ယူသိမ်းဆည်းရမိသည်ဟု ဆိုပါသည်။
ယခုဖြစ်ရပ်သည် ဗိုလ်မှူးဖြိုးအောင်ခိုင် ဦးစီသော မြန်မာစစ်အစိုးရ ခမရ (၄၀၁) စစ်ကြောင်း (၂ )နှင့် KNLA တပ်ရင်း (၁၆) ၊ တပ်ခွဲ (၃) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အခြားကေအင်န်ယူ သတင်းတစ်ရပ်တွင် ပြောဆိုပါသည်။
ထို့အပြင် ထိုင်းနယ်စပ် စစ်ရေးစောင့်ကြည့်သူများအဆိုအရ ယမန်နေ့နံနက်ပိုင်းတွင် ယင်းသို့ပိတ်ဆို့တိုက်ခိုက်ခံနေရသော မြန်မာစစ်အစိုးရ စစ်ကြောင်း အား ဘုရား သုံးဆူ-အနန်းကွင်းကြားလှုပ်ရှားနေသော ခမရ (၄၀၉) စစ်ကြောင်းမှ စစ်ကူမပေးနိုင် ဖြစ်ခဲ့ရသည်။
တဖန် မြန်မာစစ်အစိုးရစစ်ကြောင်းများတွင် အင်အားမလုံလောက်ခြင်းနှင့် တိုက်ပွဲဖြစ်ပေါ်လာလျှင် စစ်ကူမပေးနိုင်ကြသည်ကို တွေ့မြင်နေရကြောင်း စစ်ရေး အကဲခတ်များ သုံးသပ်နေကြသည်။
“နအဖတပ်တွေက ကလေးစစ်သားများပြီး တိုက်ရေခိုက်ရေလည်း မပြည့်ဝတော့ဘူး၊ ပထဝီနယ်မြေအနေအထားလည်း ကျွမ်းကျွမ်းကျင်ကျင်မရှိသလို စစ်ကူတွေလည်းမပေးနိုင်ကြဘူး၊ သူဖြစ်သူခံပဲ၊ ဒီတော့ တိုက်ပွဲဖြစ်လာရင် သူတို့ဖက်ကပဲ ခံရဖို့များတယ်၊” ဟု စစ်ရေး အကဲခတ်သူတစ်ဦး ပြောဆို ခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာနှင့် ရတခဗျူဟာ(၃) ရုံးစိုက်ရာ အနန်းကွင်းစခန်းသည် ၁၀ မိုင်မျှသာ ဝေးကွာသည်ဟု သိရသည်။ ၂၀၁၀ ခုနှစ်အတွင်း တပ်မဟာ ၆ ဧရိယာ၌ နအဖနှင့်ကေအင်န်ယူအကြား ဖြစ်ပေါ်ခဲ့သောတိုက်ပွဲများအနက် ယခုတိုက်ပွဲသည် နအဖတပ်ဖွဲ့များ ပထမဆုံး အကြိမ် အထိနာဆုံး ဖြစ်ခဲ့ရသည်ဟု လေ့လာသိရှိရသည်။