ယမန်နေ့ညပိုင်း၊ မြန်မာဒေသစံတောချိန် ည(၉) နာရီခန့်အချိန်တွင် ဘုရားသုံးဆူနယ်စပ်၊ မြန်မာစစ်ဆေးရေးဂိတ်ရှေ့၌ ဗုံးပေါက်ကွဲခဲ့ရာ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ဗုံးသယ်ဆောင်လာသူနှစ်ဦးအား ဒဏ်ရာများနှင့်အတူ မြန်မာအာဏာပိုင်များ ဖမ်းဆီးရမိကြောင်း ရဲဝန်ထမ်းတစ်ဦးနှင့်နီးစပ်သူတစ်ဦး ပြောကြားခဲ့သည်။
“ ပထမဂေါက်ကွင်းကို ဗုံးသွားထောင်ထားပြီး အဝေးထိမ်းစနစ်နဲ့တစ်နေရာကနေဖေါက်ခွဲမပေါက်ဘူး၊ အလုပ်မဖြစ်တော့ပြန်ယူအလာ ဂိတ်ရှေ့မှာသူ့ဖာသာသူ ပေါက်သွား တာပဲ” ဟု ပြီးခဲ့သည့် ညပိုင်းစစ်ကြောရေးအရ သိရှိချက်များကို ကိုယ်းကားပြောဆိုခဲ့ပါသည်။
အဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုမောင်ဖြူ(၅၀)နှစ်နှင့် မောင်အောင်(၃၅) နှစ် ဖြစ်ပြီး KPF (ခေါ်) စောသမူဟဲဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(ဟောင်သရေဒေသ) မှ အဖွဲ့ဝင်ဟောင်းတစ်ဦး ပါဝင်ကြောင်း ၄င်းတို့နှင့်သိကျွမ်းသူများ ပြောကြားခဲ့သည်။
တဖန် အဆိုပါအဖမ်းဆီးခံရသူနှစ်ဦးမှာ စစ်အစိုးရနှင့်ငြိမ်းချမ်းရေးရယူထားသော ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုမှဆိုသော်လည်း ၄င်းသက်ဆိုင်သည့်အဖွဲ့အစည်းအား မေးမြန်းဆက်သွယ်သည်အခါ မသိရှိကြောင်း ငြင်းဆိုပါသည်။
ဘုရားသုံးဆူနယ်စပ်မြို့၌ တစ်နှစ်ပတ်လုံးတွင် ဗုံးအကြိမ်ကြိမ်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ လက်သည်မဖေါ်နိုင်ဖြစ်ခဲ့ရာမှ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ထို့အတူပြီးခဲ့သည့် ရက်ပိုင်းများအတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ ဒီကေဘီအေအရာရှိတစ်ဦးနေအိမ်တွင် လက်သည် မပေါ်သေးသည့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်ကို သတင်းများတွင်ဖေါ်ပြထားသည်။
အလားတူ ဘုရားသုံးဆူ၊ သံဖြူဇရပ်နှင့် မြဝတီမြို့များသည် စီးပွားရေးအရ အပစ်ရပ်ငြိမ်းချမ်းရေးတပ်ဖွဲ့များ လှုပ်ရှားကြရာနေရာများ ဖြစ်သဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား တခါတရံ ပြဿနာငယ်များ ဖြစ်ခဲ့ဘူးသည်။ သို့သော်လည်း ဝိုင်းဝန်းဖြေရှင်းနိုင်သဖြင့် ဆက်ဆံရေးမပျက်ကြသေးပေ။
တနည်းအားဖြင့် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတင်းမာမှု ဖြစ်ပွားနေချိန်တွင် တစ်ဖက်နှင့်တစ်ဖက် အထင်အမြင်လွဲမှုားမှုမရှိစေရန် မိမိစည်းဝိုင်းအတွင်းသာ လှုပ်ရှား သွားရန် မွန်ပြည်သစ်ပါတီမှ သက်ဆိုင်ရာတပ်ဖွဲ့များသို့ ညွှန်ကြားထားကြောင်း သိရှိရသည်။