သံဖြူဇရပ်မြို့မရဲစခန်းဘေး လက်သည်မပေါ်ဗုံးပေါက်ကွဲ

သံဖြူဇရပ်မြို့မရဲစခန်းဘေး လက်သည်မပေါ်ဗုံးပေါက်ကွဲ
by -
မင်းထက်အောင်
မြန်မာပြည်သတင်းများတွင် ခေတ်စားနေသော လက်သည်မပေါ်သည့်ဗုံးပေါက်ကွဲမှုတစ်ရပ် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့မ ရဲစခန်းဘေး၌ ယမန်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောကြား....

မြန်မာပြည်သတင်းများတွင် ခေတ်စားနေသော လက်သည်မပေါ်သည့်ဗုံးပေါက်ကွဲမှုတစ်ရပ် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့မ ရဲစခန်းဘေး၌ ယမန်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောကြားပါသည်။

ထိုပေါက်ကွဲမှုသည် ယမန်နေ့ည(၉)နာရီမထိုးမီ မိနစ်ပိုင်းအလို အဆိုပါရဲစခန်းနှင့် မြို့လယ်ပန်းခြံအကြား လမ်းသွယ်တစ်ခု၌ ပေါက်ကွဲခဲ့သည်ဟု ဆိုပါသည်။

“ ဝုန်းကနဲဆိုတဲ့အသံက အကျယ်ကြီးပဲ၊ ကျနော်တို့အိမ်သားတွေ ကြောင်တောင်တောင်ဖြစ်သွားကြတယ်၊ လူအသွားအလာနည်းတဲ့အချိန်လည်းဖြစ်နေတယ်၊ တစုံတရာပတ်သက်လာမှာစိုးရိမ်လို့ ညကအဲဒီနေရာကို ဘယ်သူမှမသွားရဲကြဘူး၊ အများကတော့ ရဲစခန်းထဲပစ်သွင်းတာမဝင်တာပဲလို့ ယူဆနေကြတယ်၊” ဟု အဆိုပါပေါက်ကွဲမှုဖြစ်ပွားရာအနီး နေထိုင်သူ ကိုမောင်မြင့်နှင့် ဆက်သွယ်မေးမြန်းချက်တစ်ရပ်တွင် ပြောကြားပါသည်။

ထိုပေါက်ကွဲမှုကြောင့် ထိခိုက်မှုနှင့် လူအသေအပျောက်ဖြစ်မှုသတင်းများ မကြားသိရကြောင်း ကိုမောင်မြင့် ဆက်လက်ပြောကြားခဲ့သည်။

ယခုတလော စစ်အစိုးရမှ ပေါ်တာဖမ်းဆီးမည့်သတင်း သံဖြူဇရပ်မြို့ပေါ်၌ ပြန့်နှံ့နေသည့်အတွက် ညပိုင်းတွင် အိမ်ခြံအပြင်ထွက်သူ၊ လမ်းသွားလမ်းလာများ အလွန် နည်းပါး နေကြောင်း ဒေသခံများပြောဆိုကြသည်။

ယင်းပေါက်ကွဲမှုကို သံဖြူဇရပ်ရဲစခန်း ယနေ့တာဝန်မှူးကျ ဒုရဲအုပ်က အတည်ပြုပြောကြားသော်လည်း မေးခွန်းများဖြေကြားရန် ငြင်းဆန်ပါသည်။

သို့ရာတွင် ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ ဗုံးလက်သည်လည်းမဖေါ်နိုင်သေးသလို အဖမ်းဆီးခံရသည့်သတင်းလည်း မကြားသိရသေးပါ။

အတည်မပြုရနိုင်သေးသောသတင်းအရ ယမန်နေ့ညပိုင်း၌ သံဖြူဇရပ်မြို့ပြင်ရှိ ခလရ (၆၂)တပ်ရင်းတွင်လည်း ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပေါ်ခဲ့သည်ဟု ဆိုပါသည်။

ထို့အတူ မြဝတီမြို့ပေါ်၌ ယနေ့နံနက်(၁)နာရီခန့်အချိန်တွင် လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ဒီကေဘီအေ အရာရှိ စောနေစိုး(ခေါ်) ဗိုလ်စိုးနေဒဏ်ရာဖြင့် ဆေးရုံ တင်ထားရပြီး ဖေါက်ခွဲသူလက်သည်မပေါ် ဖြစ်နေပြန်သည်ဟု မြဝတီမှဖုန်းဖြင့်ပြောကြား လာသောသတင်းများအရ သိရသည်။

ပြီးခဲ့သည့်သင်္ကြန်အကြတ်နေ့မှစ၍ ရန်ကုန်တွင်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး တဆက်တည်းမှာပင် မြန်မာပြည်အနှံ့အပြား၌ ဗုံးပေါက်ကွဲမှု ဆက်လက်ဖြစ်ပေါ်နေသည်ကို သတင်းများတွင် မကြာခဏတွေ့ရှိနေရသည်။

ရန်ကုန်သင်္ကြဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ယမန်နေ့သတင်းစာရှင်းလင်းပွဲတွင် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဖြစ်ပြီး ABSDF၊ KNU အဖွဲ့အစည်းများ နောက်ကွယ်တွင်ကူညီနေကြောင်း ရဲချုပ်ခင်ရီပြောကြားခဲ့သော်လည်း အတိုက်အခံများက အဆိုပါဗုံးခွဲမှုသည် စစ်အစိုးရဖန်တီးမှုသာ ဖြစ်ကြောင်း အတိုက်အခံများက ပြန်လည်စွပ်စွဲခဲ့သည်ကို သတင်းများတွင် ဖေါ်ပြကြသည်။

အဆိုပါဗုံးပေါက်ကွဲမှုလက်သည်အား ရဲချုပ်ခင်ရီအပြောအရ လက်သည်ဖေါ်နိုင်ပြီဟုဆိုသော်လည်း လံကြုပ်ဇာတ်ဟုအများက ယုံကြည်နေသည်။ တဖန် အခြား ပေါက်ကွဲမှုများကိုလည်း စစ်အစိုးရလက်သည်မဖေါ်နိုင် ဖြစ်နေသည်။