၂၀၁၀ ရွေးကောက်ပွဲဝင်နိုင်ရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား မေလ(၄)ရက်နေ့၌ သက်ဆိုင်ရာမှနိုင်ငံရေးပါတီတည်ထောင်ခွင့် ပြုလိုက်ကြောင်း ယမန်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြပါရှိခဲ့သည်။
ယင်းပါတီထိပ်ပိုင်းခေါင်းတစ်ဦးဖြစ်သူ ဒေါက်တာဗညားအောင်မိုးက “ ဒီရက်ပိုင်းအတွင်း ပါတီအစည်းအဝေး ခေါ်ယူပြီးမှ ကျနော်တို့ပါတီရဲ့ ရည်မှန်းချက်တွေကို အများသိအောင်ထုတ်ဖေါ်ပါလိမ့်မယ်” ဟု ပြောကြား ပါသည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီခေါင်းဆောင်မှာ အငြိမ်းစားပြည်နယ်ပညာရေးမှူး နိုင်ငွေသိန်း(ခေါ်) မွန်တေးရေးဆရာ နိုင်ဂျနူမွန်ဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင်များ (၁၅) ဦးဖြင့်လက်ရှိတွင်ဖွဲ့စည်းထားသည်။
အငြိမ်းစားအစိုးရဝန်ထမ်းများ၊ မွန်ပြည်သစ်ပါတီမှအနားယူခဲ့သူတစ်ချိုနှင့် ဆရာဝန်များလည်း ပါဝင်သည်ဟု သိရသည်။
မွန်တမျိုးသားလုံးကိုကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတစ်ရပ်ရှိဖို့လိုတယ်လို့ကျွန်တော်တို့မြင်ပါတယ်။ အဲဒီလိုအပ်ချက်တွေကို အစားထိုးဖြည့်စွက်နိုင်ဖို့ နိုင်ငံရေး ပါတီသစ် တခုကိုဖွဲ့ရတာပါ ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်တစ်ဦးက ကောင်းဝါသတင်းဌာနကိုပြောပါသည်။
အဖျက်သိမ်းခံမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အထွေထွေအတွင်းရေးမှူး ဒေါတာမင်းစိုးလင်းနှင့် ဆက်သွယ်မေးမြန်းချက်တစ်ရပ်တွင် “ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူး၊ ဒီကိစ္စမှာ သူ့သမိုင်းသူရေးကြတာပဲ” ဟုပြောကြားခဲ့သည်။
ထို့အတူ မွန်ပြည်သစ်ပါတီသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်လျှင်ရွေးကောက်ပွဲမဝင်ဟု တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်သည်။
တဖက်တွင်လည်း ဧပြီလ(၇)ရက်နေ့တွင် မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့အား စရဖအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တို့ ရတခ၌တွေ့ဆုံခဲ့ကြစဉ် အဆိုပါ နိုင်ငွေသိန်းတို့ ခေါင်းဆောင်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား ၄င်းတို့ထောက်ခံသည်ဟု မွန်ပြည်သစ်ပါတီကို ပြောကြားခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအား ၂၀၁၀ ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ထံ ဧပြီလ နောက်ဆုံးအပတ်၌ နိုင်ငံရေးပါတီ တည်တောင်ခွင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။