မွန်တစ်ရာကျော် ဖမ်းဆီးမိ

မွန်တစ်ရာကျော် ဖမ်းဆီးမိ
by -
မင်းထက်အောင်
တရားမဝင်နည်းလမ်းဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူ မွန်တိုင်းရင်းသားတစ်ရာကျော်ခန့်အား ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့အနီး ဇာလီဖောင်းရွာ တောစပ် တစ်နေရာ ၌ ယမန်နေ့ညနေပိုင်းတွင် ထိုင်းစစ်တပ်နှင့် နယ်စပ်ရဲများပူးပေါင်း ဖမ်းဆီးမိကြောင်း ဒေသခံထိုင်းအာဏာပိုင်အချို့ ပြောကြားချက်အရ....

တရားမဝင်နည်းလမ်းဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူ မွန်တိုင်းရင်းသားတစ်ရာကျော်ခန့်အား ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့အနီး ဇာလီဖောင်းရွာ တောစပ်တစ်နေရာ ၌ ယမန်နေ့ညနေပိုင်းတွင် ထိုင်းစစ်တပ်နှင့် နယ်စပ်ရဲများပူးပေါင်း ဖမ်းဆီးမိကြောင်း ဒေသခံထိုင်းအာဏာပိုင်အချို့ ပြောကြားချက်အရ သိရသည်။

“ အုပ်စုနှစ်စုခွဲပြီး တောလမ်းအတိုင်းလမ်းပြအကူအညီနဲ့ လမ်းလျှောက်လာကြတယ်၊ သူတို့ပွဲစားသတ်မှတ်တဲ့ နေရာမရောက်ခင် ဒီကဖမ်းမိလိုက်တာဖြစ်တယ်” ဟု စကားပြန်မှ တဆင့် ထိုင်းအရာရှိတစ်ဦး ပြောကြားခဲ့ပါသည်။

အဆိုပါ အဖမ်းဆီးခံရသူအားလုံးသည် လူကုန်ကူးပွဲစားများအဆင့်ဆင့်ဖြင့် ထိုင်းနိုင်အတွင်းပိုင်းသို့ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာသူများဖြစ်သည်ဟု စစ်ဆေး မေးမြန်း ချက်များကိုကိုယ်းကားပြီး ထိုင်းရဲအရာရှိများ သုံးသပ်ယူဆကြသည်။

၄င်းအဖမ်းခံရသူများကို စံခလပူရီရဲစခန်း၌ တစ်ညချုပ်နှောင်ခဲ့၍ ယနေ့တွင် ဘုရားသုံးဆူနယ်စပ်မြို့ဖက်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

တောလမ်းမှထိုင်းနိုင်ငံသို့ဝင်ရောက်စဉ် ထိုင်းရဲ၊ စစ်တပ်ဖမ်းဆီးရမိပုံ

“ ကျနော်အထင်တော့ ပွဲစားတွေရွေးလိုက်လို့ ချက်ချင်းပြန်လွှတ်ပေးတာဖြစ်တယ်” ဟု ထိုကိစ္စနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသော ထိုင်း-မြန်မာစကားပြန် တစ်ဦးက ယူဆပါသည်။

အဖမ်းဆီးခံရသူအားလုံးစုစုပေါင်း(၁၀၃) ဦးတွင် ကျား(၄၀) ဦး၊ မ(၆၃)ဦး ဖြစ်ရာ မွန်တိုင်းရင်းသားများဖြစ်ကြသည်ဟု သိရပါသည်။ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မှ လာရောက်ကြသူများဟု ဆိုပါသည်။

ထိုသို့ တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်နိုင်ရန် လူတစ်ဦးလျှင် မြန်မာကျပ်ငွေငါးသိန်းနှင့်ညီမျှသော ဘတ်ငွေ(၁၇၀၀၀) ကို အလုပ်နေရာရောက်သည့််အခါ ကာယကံရှင်များ ပြည်တွင်းသို့ ဖုန်းအဆက်အသွယ်ပြုလုပ်ပြီးမှသာ မြန်မာပြည်ရှိပွဲစားများကို ငွေထုတ်ပေးမည်ဟု သိရပါသည်။

ယခုအကြိမ်ဖမ်းဆီးရမိခြင်းသည် စံခလပူရီမြို့နယ်၌ ယခုလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။