ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် ငြင်းဆိုထားသည့် မွန်ပြည်သစ်ပါတီ၏အခြေခံဒေသဖြစ်သော ရေးမြို့နယ်အတွင်း ရှိ ကျေးရွာသားများကို မြန်မာစစ်တပ်မှ ပေါ်တာ အတင်းအဓမ္မဖမ်းဆီးခြင်းပြုလုပ်နေသည်ဟု ဒေသခံတစ်ဦး မှပြောပါသည်။ ဧပြီလ(၂၈)ရက်နေ့တွင် ရေးမြို့အတွင်းနှင့် အခြားကျေးရွာများတွင် စစ်အစိုးရတပ်များမှ ပေါ်တာ ဖမ်းဆီးသည့်အပေါ် ရေးမြို့နယ်ခံတစ်ဦးက အခုလိုပြောပါသည်။
“ရေးမြို့အဏ္ဏဝါအပိုင်းမှာပေါ်တာတွေဖမ်းတယ်။ လူလဲပြေးကြတယ်တအားဘဲ။ နောက်ပြီးတော့ ကျောင်းရွာ မှာလဲဖမ်းတယ်ခင်ဗျ။ ရွာကလေး ဝယ်ရဟိုင်း အဲဒီမှာ သူတို့ဆက်ဖမ်းတယ်။ လူတွေအားလုံး ရုပ်ရုပ်သဲသဲ ဖြစ်နေတယ်ပေါ့နော်။ ဒီနေ့အခြေအနေမှာ အပရိုင်တို့ စုံပတောက်တို့ စုံနံ့သာရွာတို့ဆို ယောက်ျားတွေအားလုံး ရွာမှာမအိပ်ရဲကြဘူး။”
အထူးသဖြင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့များနှင့် ဆက်စပ်မှုရှိသည့် ကျေးရွာများတွင် ဖမ်းဆီးမှုပိုမိုများပြား လာသည်ဟု နယ်မြေခံတစ်ဦးမှပြောပါသည်။ ၄င်းဒေသအတွင်း ပေါ်တာဖမ်းဆီးမှုအခြေအနေများကို နယ်မြေခံ တစ်ဦးမှ ယခုလိုပြောပါသည်။
“(၅၉၁) (၅၈၃)ကျောင်းရွာ တပ်ရင်းနှစ်ရင်းကနေ ဒီဝယ်ရဟိုင်းတို့ ရွာကလေးတို့ အဲဒီကိုဘဲ သူတို့ဦးတည် လာတယ်ပေါ့နော်။ ဖမ်းဆီးခံရတာခန့်မှန်းရရင် ရွာကလေးနဲ့ ဝယ်ရဟိုင်းမှာ ဆိုရင်စုစုပေါင်း သူတို့အယောက် (၁ဝဝ)လောက်တော့ ရမလားမသိဘူး။ ခန့်မှန်းခြေအရတော့ တွက်ဆမိတာပေါ့နော်။”
ဖမ်းဆီးထားသည့်ပေါ်တာများကို နယ်စပ်စစ်ဆင်ရေးတွင်အသုံးပြုသွားမည်ဟုယူဆကြောင်း အဆိုပါဒေသခံ မှ ပြောပါသည်။
ယခုလိုပေါ်တာဖမ်းသည် စစ်အစိုးရတပ်များအနေနှင့် ပါတီရဲ့ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ရန်နှင့် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ဝန်းကျင်ဒေသကို ထိမ်းချုပ်ရန် ရည်ရွယ်ထားသည်ဟု မွန်ပြည် သစ်ပါတီ၏ အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
စစ်အစိုးရကနေ ဖိအားပေးဖွဲ့ခိုင်းထားသည့် ဌာနေပြည်သူ့စစ်တပ်ကို မွန်ပြည်သစ်ပါတီအနေနှင့်လက်မခံနိုင်ကြောင်း ဧပြီလ (၂၂)ရက်နေ့တွင် စစ်အစိုးရထံ အကြောင်း ပြန် ထားခဲ့ပြီးဖြစ်ပါသည်။ ယခုလောလောဆယ်ဆယ် အနေအထား တွင်မူ မွန်ပြည်သစ်ဗဟို ဝန်းကျင်ဒေသမှ တပ်မိသားစုများ အပါအဝင် ရွာသားများကို စစ်ဘေး လွတ်ရာသို့ ကြိုတင်နေရာပြောင်းရွှေ့ ထားပြီးဖြစ်သလို သက်ဆိုင်ရာတပ်ရင်း၊တပ်ဖွဲ့များကိုလည်း အလစ်ငိုက် တိုက်ခိုက်ခြင်း မခံရလေအောင် သတိ အနေအထားတွင် စောင့်ကြည့်နေရသည်ဟု မွန်ပြည်သစ်ပါတီ အလယ်အလတ် ခေါင်းဆောင်တစ်ဦးမှ ပြောပါသည်။