ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့နယ်အတွင်း မွန်ပြည်သစ်တပ်တည်နေရာဖြစ်သော ဘုရားတောင် ကျေးရွာအနီး တောင်ကုန်းပေါ်တွင် DKBA အဖွဲ့မှ ဘုရားတည် နေခြင်းသည် စစ်အစိုးရအတွက် စစ်ရေးအရ ပစ်ကွင်း တစ်ခုဖြစ်လာနိုင်သည်ဟု နယ်စပ်စစ်ရေးအကဲခတ်သူများမှ ဆို၏။
မတ်လ(၂ဝ)ရက်နေ့တွင် အနန်းကွင်းကျေးရွာ ကျောင်းထိုင်ဆရာတော်၊ ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ကျောင်းထိုင်ဆရာတော်ဦးစီးပြီး DKBA တပ်မှ ဗိုလ်ကြီး စောအေးဝမ်း နှင့် အဖွဲ့က ဘုရားတောင်ကျေးရွာနှင့် (၁)မိုင်ခွဲအကွာ တောင်ကုန်းပေါ်တွင် ဘုရားတစ်ဆူတည်ခဲ့သည်။ အဆိုပါ ဘုရားတည်ရာတွင် ဒေသခံတို့၏ ရော်ဘာခြံ(၂)ဧကလောက်ကို အခကြေးငွေမပေးဘဲ သိမ်းဆည်းခဲ့သည်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။
မွန်ပြည်သစ်တပ်တည်နေရာတွင်ခွင့်ပြုချက်မရဘဲ ဘုရားတည်သည့်အတွက်ကြောင့် ဒေသခံအရာရှိ များအကြား မကျေလည်မှုရှိနေသည်ဟု မွန်ပြည်သစ်ပါတီ အရာရှိ တစ်ဦးမှ ပြောပါသည်။
“ကျွန်တော်တို့က DKBA ခွဲမှုးဗိုလ်ကြီးစောအေးဝမ်းနဲ့သွားဆွေးနွေးတယ်။ အထက်က ခွင့်ပြုချက် မရဘဲ ဒီလိုဘုရားလာတည်တာမသင့်တော်ဘူး။ မြို့နယ်၊ ပြည်နယ် သံဃာ့နာယက ခွင့်ပြုချက်လဲမပါဘူး ဆိုတော့ ကျွန်တော်တို့သဘောမတူနိုင်ဘူးလို့ပြောတယ်။ ဒီအစီအစဉ်ကို လူကြီးတွေသဘောပေါက်တဲ့အထိ ညှိနှိုင်းပြီးမှ လုပ်ဆောင်ဖို့ပြောခဲ့တယ်။ ရွေးကောက်ပွဲလည်းနီးပြီဆိုတော့ ကိုယ့်အချင်းချင်း ပဋိပက္ခမဖြစ် အောင်ရှောင်ဖို့ ပြောခဲ့တယ်။ ဗိုလ်ကြီးစောအေးဝမ်းလည်း ဆရာတော် တွေရဲ့ဆန္ဒအတိုင်း မဖြစ်မနေ လုပ်ရမယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ DKBA ဘက်ကလည်း အချိန်ယူပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အခုဘုရားက ပြီးခါနီးပြီလေ။”
နယ်စပ်စစ်ရေးအကဲခတ်တစ်ယောက်၏အမြင်မှာ -
“ဒီအနန်းကွင်းဆရာတော်က အနန်းကွင်းစစ်ဗျူဟာရုံးနဲ့နီးစပ်တယ်။ နအဖတပ်တွေရဲ့ အစီအစဉ်ပဲ ကျွန်တော်ထင်တယ်။ ဒီတော့ကာ ဓမ္မဟေဝန်ကျောင်း ဆရာတော် နဲ့လာညှိတယ်ဆိုတာက ဓမ္မဟေဝန်ဆရာ တော်က DKBA တပ်ကို ပိုင်တယ်လေ။ DKBA တွေကိုဦးတည်ပြီးလုပ်ခိုင်းတာပဲဖြစ်တယ်။ အဲဒီဘုရားတည် တဲ့နေရာက ဘုရားသုံးဆူမှာရှိတဲ့ လက်နက်ကြီးတပ်ရှိတဲ့ နဂါးမောက်တောင်ကနေ ဘုရားတော်ကို ဆီးကြည့်မယ်ဆိုရင် ပစ်ကွင်းကောင်းကောင်းတစ်ခုဖြစ်သွားတယ်။ ငြိမ်းချမ်းရေး ပျက်သွားမယ်ဆိုရင် မွန်နဲ့ KNU ကို ထိုးစစ်ဆင်ဖို့အတွက် စစ်ရေးအရ အချက်အချာနေရာတစ်ခု ရသွားသလိုပေါ့။”
ထို့အပြင် အဆိုပါဘုရားတည်ခြင်း၏ အကျိုးဆက်မှာ DKBA တပ်အနေနှင့် မွန်ပြည်သစ်တပ်တည် နေရာကို ခြေကုပ်ယူကာ လုပ်ငန်းရှုပ်ထွေးအောင်ပြုလုပ်နိုင်ပြီး KNU တပ်ဖွဲ့များကိုထိုးစစ်ဆင်ရာတွင် အရေးကြီး သောအချက်အချာနေရာတစ်ခုဖြစ်လာနိုင်သည်ဟု အမည်မဖော်လိုသူ နယ်စပ်စစ်ရေးအကဲခတ် သူတစ်ယောက် မှဆို၏။