မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရွေးကောက်ပွဲမဝင်ရေးထပ်မံဆုံးဖြတ်
by -
မင်းထက်အောင်
ရွေးကောက်ပွဲဥပဒေထွက်ပေါ်လာပြီးနောက် အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDFအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လုံးဝမဝင်ကြောင်း ယမန်နေ့၊ မော်လမြိုင်မြို့၌...

ရွေးကောက်ပွဲဥပဒေထွက်ပေါ်လာပြီးနောက် အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDFအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လုံးဝမဝင်ကြောင်း ယမန်နေ့၊ မော်လမြိုင်မြို့၌ ကျင်းပသောဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ထပ်မံအတည်ပြုဆုံးဖြတ်ခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ယခင်ဆုံးဖြတ်ချက်များတွင်လည်း MNDF ခေါင်းဆောင်များ ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံကြောင်းနှင့် ၄င်းကိုအခြေခံသော ရွေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
Min_Soe_Lin
တဖန် MNDF အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက “မွန်အမျိုးသားတွေအနေနဲ့ ဒီလာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်မယ်ဆိုရင်လည်း ကျနော်တို့က မကန့်ကွက်သလို ထောက်ခံမှာလည်းမဟုတ်ပါဘူး၊ သူတို့ဆန္ဒဘဲ၊ ဒီမိုကရေစီနည်းအရ သူတို့မှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ နောက်ဆုံးတော့ ကိုယ့်သမိုင်းကိုယ်ရေးကြတာပါဘဲ” ဟုပြောကြားခဲ့သည်။

တဖက်တွင်လည်း အမည်မသတ်မှတ်ရသေးသော မွန်အမျိုးသားပါတီသစ်တစ်ရပ်မှ ရွေးကောက်ပွဲဝင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို သိရှိရသည်။

ဘုရားသုံးဆူနယ်စပ်မြို့နေ ဒေါက်တာဗညားအောင်မိုးအဆိုအရ မွန်အမျိုးသားပါတီသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေး (၁၅) ဦးကော်မတီအဖွဲ့တွင်ပါဝင်သော မွန်ခေါင်းဆောင်များအားလုံးမှာ ရွေးကောက်ပွဲ ဝင်မည့်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ မကြာခင်ကျင်းပမည့် အစည်းအဝေးတွင် ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များ အမည်စာရင်း အတည်ပြုနိုင်လိမ့်မည်ဟု ဆိုပါသည်။

ထို့အပြင် MNDF အနေဖြင့် ယခင်ရပ်တည်ချက်များအတိုင်း ရှမ်းအမျိုးသားခေါင်းဆောင် ခွန်ထွန်းဦးအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်လွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံကိုအများလက်ခံနိုင်အောင် တွေ့ဆုံဆွေးနွေးအဖြေရှာသွားရေး ပြုလုပ်ပြီး ထွက်ပေါ်လာသောရလဒ်များကို ပြန်လည်သုံးသပ်ပြီးမှ ရွေးကောက်ပွဲဝင်၊မဝင်ရေးကိစ္စကို ထပ်မံအဆုံးဖြတ်ပေးနိုင်လိမ့်မည်ဟု ဆိုပါသည်။

ဒေါက်တာမင်းစိုးလင်းက “ အခုဖြစ်ပေါ်နေတဲ့နိုင်ငံရေးဖြစ်စဉ်တွေကို ကျနော်တို့ရပ်ကြည့်ပြီးမနေသလို ထိုင်စောင့်နေမှာလည်းမဟုတ်ဘူး၊ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံတနည်းတဖုံပြောင်းလဲသွားအောင် ဘယ်လိုလုပ်ဆောင်ကြရမယ်၊ အပစ်ရပ်အဖွဲ့တွေအပေါ်ကိုင်တွယ်နေပုံတွေ၊ လာမယ့် NLD အစည်းအဝေးတွေအပြီး ဘယ်လိုအခြေအနေဖြစ်လာနိုင်မလဲ၊ ပြီးတော့ သံတမန်လောက အပါအဝင် အခြေအနေအရပ်ရပ်တွေကိုလည်း အမြဲမပြတ်သုံးသပ်နေရတယ်” ဟု ဆက်လက်ပြောကြားပါသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDFသည် ၁၉၉ဝ ခုနှစ်တွင် အမတ်လောင်း ၁၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၅ နေရာရရှိခဲ့သည်။ ထိုသူတို့မှာ နိုင်ထွန်းသိန်း၊ နိုင်ခင်မောင်၊ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်း၊ နိုင်သောင်းရှိန် တို့ဖြစ်ကြသည်။

MNDF ကို ၁၉၉၂ မတ်လတွင် တရားဝင်ပါတီမှ စစ်အစိုးရဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း ခေါင်းဆောင်များကိုလည်း အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခဲ့ဘူးသည်။