တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းမှာရှိသည့် အလယ်စခမ်းကျေးရွာသား(၃ဝ)ကျော်ခန့်သည် နယ်မြေခံစစ်တပ််မှ ကျေးရွာပြည်သူ့စစ်သင်တန်းအတင်းတက်ခိုင်းပြီး ပြည်သူ့စစ်ကြေးများကို အတင်း ကောက်ခံနေသည့်အပြင် ညှင်းပမ်းနှိပ်စက်မှု လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် မွန်ပြည်သစ် အခြေခံဒေသကို ထွက်ပြေး တိမ်းရှောင်လာခဲ့သည်ဟု မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးမှပြောပါသည်။
ဖေဖေါ်ဝါရီလနောက်ဆုံးအပါတ်လောက်တွင် မွန်ပြည်သစ်ပါတီလက်အောက်ခံ ထားဝယ်ခရိုင် ဌာနချုပ်အနီး၌ရှိသည့် မရော့ချိုင်းကျေးရွာကို အလယ်စခမ်း ကျေးရွာသား(၃ဝ)ကျော် ထွက်ပြေးလာ သည့်အကြောင်းအရင်းကို မွန်ပြည်သစ်ပါတီ ခရိုင်ကော်မီတီဝင်တစ်ဦးက ကောင်းဝါသတင်းဌာနကို ယခုလိုပြောပါသည်။
“ဖေဖေါ်ဝါရီ(၂၂)ရက်နေ့မှာ နအဖတပ်ရင်း(၂၈၂)ကနေ အဲဒီပြည်သူ့စစ်သင်တန်းကို ခေါ်တယ်။ တက်ခိုင်းတယ်။ တချို့ရွာသားတွေက ပြည်သူ့စစ်ထဲကိုမဝင်လုပ်ဘူး။ ရွာကနေထွက်ပြေးလာတယ်။ တချို့ကလဲ ပြည်သူ့စစ်မလုပ်ရင်တော့ တလကို(၇ဝဝဝ)ကျပ်နဲ့ ပြည်သူ့စစ်ခကိုပေးရတယ်။ ရွာသားတချို့ကတော့ မလုပ်နိုင်တာတခု တချို့ကျတော့ပိုက်ဆံမရှိ မပေးနိုင်ဘဲနဲ့ ထွက်ပြေးလာတာပေါ့။ အလယ်စခမ်းရွာနဲ့ (ဝယ်ကရာန်အစ်)ကလူတွေ ထွက်ပြေးလာပြီးတော့ မွန်ပြည်သစ်နောက်တန်း မရော့ချိုင်းရွာမှာ အဲဒီကိုရောက်လာတယ်။ လူအယောက်(၃ဝ)နဲနဲကျော်ရင်ကျော်မယ်။ အဲဒီမှာမွန်ပြည်သစ်ပါတီတွေက သူတို့အကုန်လုံးပေါ့နော်။ နေရာ စားဝတ်နေရေး ကအစ အကုန်လုံး သူတို့လုံခြံုရေးကအစ မွန်ပြည်သစ်ပါတီတွေက တာဝန်ယူရတယ်။ စီစဉ်နေရတာပေါ့။”
အဆိုပါထွက်ပြေးလာသည့်ရွာသားများကို ဒေသခံစစ်အာဏာပိုင်တွေကနေ ပြန်လည်ဆင့်ခေါ် ထားသော်လည်း ရွာကိုမပြန်ရဲကြသေးဟု ဒေသခံများမှဆိုပါသည်။ အဆိုပါ ဒေသဝန်းကျင်တွင် ရှိသည့် ကလိန်အောင် ရာဖူး ကျောက်ကုတင် ကျွဲတလင်းအစရှိသောကျေးရွာသားများကို နယ်မြေခံ ခမရ(၂၈၂)တပ်ရင်းမှ ပြည်သူ့စစ် သင်တန်း အတင်းတက် ခိုင်းနေသည်ဟုဒေသခံများမှပြောပါသည်။
ရေဖြူမြို့နယ်အတွင်းရှိမွန်ကျေးရွာများတွင် စစ်အစိုးရကနေ ပြည်သူ့စစ်အတင်းအကြပ် လုပ်ခိုင်းနေသည့်အပြင် စစ်အစိုးရထံတွင်လက်နက်ချခသည့် ဗိုလ်မှူးကြီး နိုင်ရှောင်ဦးစီးသော ရာမည တပ်မှလည်း ဌာနေပြည်သူ့စစ်အသွင်ပြောင်းလဲရန်အတွက် လိုအပ်နေသည့် တပ်သားအရေအတွက် ပြည့်မီအောင် တပ်သားသစ် စုဆောင်း နေခြင်းကို ရှောင်ရှားနေကြကြောင်းဒေသခံကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးမှ ပြောပါသည်။