ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း ဗုံးပေါက်ခွဲမှု လက်သည်တရားခံကို ကေအာန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဟု စစ်အစိုးရပိုင် သတင်းစာများမှ ဖေဖေါ်ဝါရီ(၂ဝ)ရက်စွဲနှင့်ထုတ်ပြန်ခဲ့သည်။ မည်သည့်တပ်ဖွဲ့ မည်သူမည်ဝါ လုပ်ဆောင်ခဲ့ကြောင်း ဖေါ်ပြခဲ့ခြင်းမရှိချေ။
ဖေဖေါ်ဝါရီလ(၁၉)ရက်နေ့နံက်(၁ဝ)နာရီ ကျော်ကျော်အချိန် တွင် ကော့ကရိတ်မြို့မစျေးအနောက်ဘက်ရှိ ပြင်ပစျေးတန်းအတွင်း ချိန်ကိုက်ဗုံး ပေါက်ကွဲမှုကြောင့် မြို့ခံများဖြစ်သော နော်အဲဝါ ဒေါ်အနာရေး ဒေါ်အေးအေးခိုင် မဇင်မာထွေးနှင့် ဦးဆန်းနိုင်တို့(၅)ဦး ဒါဏ်ရာပြင်းထန်စွာရရှိပြီး ပြည့်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံနေရသည်ဟု ဖေါ်ပြထားပါသည်။
အဆိုပါဗုံးပေါက်ကွဲမှု သတင်းဖြစ်စဉ်နှင့် ပက်သက်၍ ကော့ကရိတ်မြို့နေ ကိုစောမြဝင်း ကိုဆက်သွယ်မေးမြန်းခဲ့ရာ၌ အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
“အခုအထိဘယ်သူ့လက်ချက်လဲဆိုတာ သဲသဲကွဲမသိရသေးဘူး။ သေချာတာက အစိုးရကနေ ပြည်မသိ တော့ဗာရာဏသီမင်း မသိတော့ ဗြမ္မာဒတ်ဆိုသလို လက်သည်မသိရင် ကေအာန်ယူလို့ပြောမှာဘဲ။ ကော့ကရိတ်မြို့ မှာ ဒီလောက်တပ်တွေ ထူထူထဲထဲချထားတာ အပြင်က လူတွေဝင်ဖို့မလွယ်ဘူး။ အစိုးရတပ်တွေ လက်နက်ကိုင် ကရင်ငြိမ်းချမ်းရေးတပ်တွေက အမြဲတမ်းဝင်ထွက်သွားလာနေတော့ ဘယ်သူ့လက်ချက်ဆိုတာ ပြောဖို့ခက်တယ်။”
စစ်အစိုးရ၏စွပ်စွဲမှုနှင့်ပက်သက်၍ ကေအာန်ယူ ဒူပလားယားခရိုင်ပြန်ကြားရေးတာဝန်ခံ ဗဒိုစောထဲနေ ကိုဆက်သွယ် မေးမြန်းခဲ့ရာတွင် “ကော့ကရိတ်မြို ့ ပေါ်ဗုံး ပေါက်တဲ့ ကိစ္စနဲ့ပက်သက်ပြီး နအဖကနေ ကေအာန်ယူကိုစွပ်စွဲတာဟာ လုံးဝ မမှန်ကန်ပါဘူး။ အခြေအမြစ်လည်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကေအာန်ယူဟာ နိုင်ငံရေး အဖွဲ့အစည်းတခုပါ။ ဒီလိုလူနေထူထပ်တဲ့ရပ်ကွက် စျေးတွေမှာ ဗုံးဖေါက်ခွဲတာမျိုး လုံးဝမလုပ်ပါဘူး။ လွန်ခဲ့တဲလတွေမှာ ဖါပွန်မြို့ဗုံးဖေါက်ခွဲတာတို့ မြဝတီ ဘုရားသုံးဆူတွေမှာဗုံးခွဲတာဟာ နအဖတွေကဘဲလုပ်ပြီးတော့ ကေအာန်ယူကိုစွပ်စွဲတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကေအာန်ယူကို တော်လှန်ရေးအဖွဲ့လို့ ပြည်သူတွေကို မထင်အောင် နောက်ပြီးအကြမ်းဖက်အဖွဲ့တခုလို့ စာရင်းထဲဝင်အောင် လုပ်နေတာလို့မြင်ပါတယ်။”
ယခုဖေဖေါ်ဝါရီလအတွင်း ပဲခူးတိုင်း တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်နှင့် ထန်းတပင်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွါးခဲ့ရာ ဒေသခံ အများအပြားထိခိုက် ဒါဏ်ရာရရှိခဲ့သည်။ ဤကဲ့သို့ စစ်အစိုးရနှင့်အပစ် အခတ် ရပ်ဆဲခြင်းမပြုသည့် ကေအာန်ယူအဖွဲ့နှင့် ဆက်စပ်ရာနေရာ ဒေသများတွင် လစဉ်လိုလိုဗုံးပေါက်ကွဲနေခြင်းမှာ လာမည့်(၂ဝ၁ဝ)အထွေထွေရွေးကောက်ပွဲအတွက်ထိုဒေသများတွင် နိုင်ငံရေး တည်ငြိမ်မှု မရှိစေရန်နှင့် စစ်အစိုးရ အပေါ် အားကိုးမှုရှိလာစေရန် အစီအစဉ်ရှိရှိ လုပ်နေခြင်း ဖြစ်သည်ဟု နယ်စပ်စစ်ရေးအကဲခတ်သူများမှ သုံးသပ် ထားပါသည်။