ခွဲစိတ်ခံ လူနာတစ်ဦး ဆေးခန်းတွင် သေဆုံးခဲ့

ခွဲစိတ်ခံ လူနာတစ်ဦး ဆေးခန်းတွင် သေဆုံးခဲ့
by -
မင်းထက်အောင်
လူနာတစ်ဦး ခွဲစိတ်ခံခဲ့ပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ငွေမိုးအထူးဆေးကုခန်းတွင်  ...

လူနာတစ်ဦး ခွဲစိတ်ခံခဲ့ပြီး နာရီပိုင်းအတွင်း သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ငွေမိုးအထူးဆေးကုခန်းတွင် ပြီးခဲ့သည့်  ရက်သတ္တပတ်တွင် ဖြစ်ပေါ်ခဲ့ကြောင်း အမည်မဖေါ်လိုသည့် ဆရာဝန်တစ်ဦး ပြောပြချက်အရ သိရသည်။

မော်လမြိုင်မြို့ ဆရာဝန်အသိုင်းအဝိုင်းများယူဆချက်အရ မှားယွင်းသောခွဲစိတ်မှုကြောင့်သာ ဖြစ်သည်ဟု ဆိုနေကြသည်။ သို့သော် စောင့်စည်းမှုများအရ အသေးစိတ် အချက်အလက်ကို မပြောပြကြပေ။ သေဆုံးခဲ့သူမှာ ရေးမြို့နယ်၊ ဒူယားကျေးရွာမှ အသက် (၄၃) နှစ်ခန့်ရှိ နိုင်လှုုိင် ဆိုသူဖြစ်သည်ဟု ညီမဖြစ်သူက ပြောကြားခဲ့ပါသည်။

နိုင်လှိုင်သည် ဗိုက်အောက်ဝေဒနာဖြင့် ပြီးခဲ့သည့် ယခုလ (၁၁) ရက်နေ့တွင် နာမည်ကြီးသော ငွေမိုးဆေးကုခန်းသို့ တက်ရောက်ကုသခံခဲ့ရာ ထိုနေ့ ညနေ (၃) နာရီခန့်တွင် အူအတက်ပေါက်ရောဂါဖြင့် ခွဲစိတ်ခံရအပြီး သတိပြန်လည်ကာ စကားပြောဆိုနိုင်ခဲ့ပြီး အခြေအနေကောင်းမွန်ခဲ့သည်ဟု ဆိုပါသည်။

သို့ရာတွင် ည(၈) နာရီခန့်၌ ဗိုက်တွင်နာကျင်မှုဝေဒနာ ပြန်လည်ခံစားရပြီး ည(၁၁) နာရီကျော်တွင် သေဆုံးသွားသည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောပြခဲ့သည်။
နိုင်လှုုိင် သေဆုံးပြီးနောက် မိနစ်ပိုင်းအတွင်း မော်လမြိုင်မြို့၊ ပိန္နဲကုန်းသုဿန်၌ သဂြိုလ်ရန် ဆေးခန်းမှစီစဉ်ခဲ့ရာ ကာယကံရှင်များ အပြင်းအထန်ကန့်ကွက်သည့်အတွက် နောက်တစ်နေ့၊ နေ့လည်(၁၂) တွင် အသုဘချခဲ့သည်။ ခွဲစိတ်ခမှ ငွေ(၇) သိန်းကုန်ကျခဲ့ရပြီး သဂြိုလ်စရိတ်မှာ နှစ်သိန်းခွဲတောင်းခံခဲ့သော်လည်း ငါးသောင်းကျပ်ဖြင့် စျေးတည့်ခဲ့၏။

ငွေမိုးအထူးကု ဆေးကုခန်းမှ ဖုန်းကိုင်သူတစ်ဦးက ဤကိစ္စကိုပြောပြရန် ငြင်းပါသည်။

ဝါရင့်အထွေအထွေကု ဆရာဝန်တစ်ဦးက “အထူးကုဆရာဝန်သစ်တွေဟာ ဘာရောဂါဘဲဖြစ်ဖြစ် ခွဲစိတ်ဖို့ဘဲ အားသန်ကြတယ်၊ ငွေလည်းရများတာကိုး၊ မခွဲသင့်လည်း ခွဲတော့ မလိုလားအပ်တာတွေ နောက်ဆုံးလူနာအသက်ပါဆုံးတဲ့အထိ ဖြစ်ခဲ့တာတွေ အရေအတွက်မနည်းတော့ပါဘူး၊ အခုလို ဗမာစကားကောင်းကောင်း မပြောတတ်တဲ့ တောရွာကလူတွေဆိုတော့ ပိုဆိုးတာပေါ့၊ နောက်ဆုံး ကံတရားနဲ့ဘဲ ဖြေသိမ့်ရတာပေါ့ဗျာ” ဟု မှတ်ချက်ချ ပြောခဲ့၏။

Most read this week