နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟု ဒီကေဘီအေမှ ပြောဆို

နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်အတိုင်း လုပ်ဆောင်မည်ဟု ဒီကေဘီအေမှ ပြောဆို
by -
ကိုသိုက်
တိုင်းရင်းသား အပစ်ရပ်အဖွဲ့များဖြစ်ကြသည့် ဝ သွေးစည်းညီညွတ်ရေး အဖွဲ့ မိုင်းလားအဖွဲ့ ရှမ်း အက်အက်အေအဖွဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ ကေအိုင်အိုခေါ် ကချင် လွတ်လပ်ရေး အဖွဲ့တို့သည် စစ်အစိုးရမှ တိုက်တွန်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကို ပြောင်းလဲရန်ငြင်းဆိုနေကြသလို တချို့အပစ်ရပ်အဖွဲ့ များဖြစ်ကြသည့်...

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များဖြစ်ကြသည့် ဝ သွေးစည်းညီညွတ်ရေး အဖွဲ့ မိုင်းလားအဖွဲ့ ရှမ်း အက်အက်အေအဖွဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ ကေအိုင်အိုခေါ် ကချင် လွတ်လပ်ရေး အဖွဲ့တို့သည် စစ်အစိုးရမှ တိုက်တွန်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကို ပြောင်းလဲရန်ငြင်းဆိုနေကြသလို တချို့အပစ်ရပ်အဖွဲ့ များဖြစ်ကြသည့် ကလလတခေါ် ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး NDA-K ခေါ် ဒီမိုကရေစီသစ်တပ်မတော်(ကချင်)အဖွဲ့တို့သည် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကို ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။

ထို့နည်းတူ ဒီကေဘီအေခေါ် တိုးတက်သောကရင်ဗုဒ္ဓွဘာသာ ဒီမိုကကရက်တစ်တပ်ဖွဲ့သည်လည်း  စစ်အစိုးရမှ တိုက်တွန်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကို လက်ခံသည်ဟုသတင်းထွက်ပေါ်နေပါသည်။ ဤကဲ့သို့ သတင်းထွက်ပေါ်နေသည့်အပေါ် အမှတ်(၅) တပ်မဟာမှူး ဗိုလ်မှူးကြီး စောလယ်ပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ကိုဆက်သွယ် မေးမြန်းရာမှာ သူ့၏ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မောင်ဝင်းက အခုလို ပြောကြားခဲ့ပါသည်။

“လက်ခံလို့ပေါ့ ကျွန်တော်တို့နယ်ခြား စောင့်တပ်ဖြစ်တာ။ အကျိုးရှိလို့ပေါ့။ အကျိုးရှိလို့ကျွန်တော်တို့ လက်ခံတာပေါ့။ အကျိုးမရှိယင်ဘယ်လက်ခံမလဲ။”

နအဖစစ်အစိုးရသည် တခြားအပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် အမြင်သဘောထား တင်းမာ လာပြီးဖြစ်သော်လည်း ဒီကေဘီအေတပ်တွေအပေါ်မှာ သဘောထား ပြောင်းလဲမှုမရှိသေးဟု ဗိုလ်မှူးကြီး စောလယ်ပွယ် ကိုယ်စား  ဗိုလ်မောင်ဝင်းက ယခုလိုဆိုပါသည်။

“ဘာမှမရှိဘူး အေးအေးဆေးဘဲ။ အရင်တုန်းကပုံစံမျိုးလိုဘဲ။ တသွေးတသံတမိန့်ဘဲနေတယ်။ ဒါပေမဲ့ နိုင်ငံတော်ကလည်း ချမှတ်ထားတဲ့ဦးတည်ချက်အတိုင်းဘဲ ကျွန်တော်တို့ကဆောင်ရွက်သွားတယ်။ ကျွန်တော်တို့ကလုပ်ဆောင်သွားတယ်လေ။ နိုင်ငံအေးချမ်း သာယာရေးနဲ့ဖွံ့ဖြိုးရေးဘဲကျွန်တော်တို့လုပ်တယ်။”

နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းဖို့အတွက် လိုအပ်သော စစ်သည်အရေအတွက်ပြည့်စုံမှုရှိပြီးဟု ဗိုလ်ကြီး မောင်ဝင်းကပြောကြားခဲ့ပါသည်။ သို့သော် ဒီကေဘီအေ တပ်ဖွဲနှင့် နီးစပ်သည့် သူတစ်ဦးပြောပြချက်အရ   နယ်ခြားစောင့်တပ်ဖွဲ့အင်အားဖြည့်ရန်အတွက် အတင်းအဓမ္မ စစ်အင်အားစုဆောင်းနေဆဲဟု ယခုလိုပြောခဲ့ ပါသည်။

“ဟိုသထုံတို့ ဖါးအံတို့ ကော့ကရိတ် ဖါပွန်တို့ဘက်တွေမှာတော့ စစ်သား တွေကိုမဲနှိုက်စံနစ်နဲ့ အတင်းကောက်ယူနေတာကို တွေ့နေရ ကြားနေရတယ်။  ဒီလိုစစ်သား စုဆောင်းမှုနဲ့ပက်သက်ပြီးတော့ ကြာအင်းဆိပ် ကြီးမြို့နယ်က သံဃာတော်တွေစုပေါင်းပြီး မြိုင်ကြီးငူဆရာတော်ထံမှာတိုင်ကြားခဲ့တယ်။ ဒါပေမဲ့သိပ်ပြီးတော့မထူးဘူး။ သူတို့လုပ်ချင်တဲ့အတိုင်းဘဲလုပ်နေတာပဲ။ ဒီလူငယ်တွေကလဲ သူတို့လူမျိုး အချင်းချင်းတိုက်ခိုက်ရမှာကို မလိုလားဘူးဆိုတဲ့သဘောလဲပါတော့ သူတို့စစ်ထဲမဝင်ချင်ကြဘူး။”

ဒီကေဘီအေတပ်ဖွဲ့သည် (၁၉၉၅)ခုနှစ် ဇန္နာဝါရီလလောက်တွင် ဘာသာရေးခွဲခြားမှုကို အကြောင်းပြ၍ ကေအာန်ယူမှခွဲထွက်ကာ မြန်မာစစ်အစိုးရနှင့်ပူးပေါင်းနေသော ကရင်လက်နက်ကိုင်အဖွဲ့တခု ဖြစ်ပါသည်။