မွန်အမျိုးသားနေ့ ပွဲတော် ပြည်တွင်းပြည်ပ နေရာအနှံ့ ကျင်းပ

မွန်အမျိုးသားနေ့ ပွဲတော် ပြည်တွင်းပြည်ပ နေရာအနှံ့ ကျင်းပ
by -
မင်းထက်အောင်
ယခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင်ကျရောက်သော (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို ပြည်တွင်းနှင့် ပြည်ပရှိ မွန်တိုင်းရင်းသားများ နေထိုင်ရာ နေရာဒေသ အနှံ့အပြား ...

(ဖေဖေါ်ဝါရီ-၁)။    ။ ယခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင်ကျရောက်သော (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို ပြည်တွင်းနှင့် ပြည်ပရှိ မွန်တိုင်းရင်းသားများ နေထိုင်ရာ နေရာဒေသ အနှံ့အပြားတွင် ကျင်းပခဲ့ကြကြောင်း သတင်းထုတ်ပြန် ပေးပို့ချက်နှင့် ဆက်သွယ် မေးမြန်းချက်များအရ သိရသည်။

ပြည်တွင်း၌ မွန်စာပေယဉ်ကျေးမှု အဖွဲ့များမှကြီးမှူး၍ မွန်တိုင်းရင်းသား တစ်ရပ်လုံးအား ကိုယ်စားပြုသော ဗဟိုကျင်းပရေး ကော်မတီမှ ဦးဆောင်၍ ရေးမြို့နယ်မြောက်ပိုင်း လမိုင်းမြို့နယ်ခွဲတွင် ကျင်းပခဲ့ရာ အလွန်စည်ကားကြောင်း တက်ရောက်သူများ ပြောပြသည်။

ထို့အပြင် သက်ဆိုင်ရာ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်ဆင့် အသီးသီးတို့တွင်လည်း မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို)၏လမ်းညွှန်မှုဖြင့် အလံတင်အခမ်းအနားများ တစ်ပြိုင်တည်းကျင်းပခဲ့ကြသည်။

မွန်ပြည်သစ်ပါတီမှလည်း ဘုရားသုံးဆူနယ်စပ်အနီး မွန်ပြည်သစ်ပါတီထိမ်းချုပ်ရာ ဂျပန်ရေတွင်းရွာတွင် စစ်ချီအခမ်းအနားဖြင့်ကျင်းပရာ ဥက္ကဌကြီးနိုင်ထောမွန်က ၄င်း၏သဝဏ်လွှာကို ဖတ်ကြားခဲ့သည်ကို တွေ့ရသည်။

ထို့အတူ မွန်ပြည်သစ်ပါတီ ခရိုင်ရုံးများတွင်လည်း အခမ်းအနားများ ကျင်းပခဲ့ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံမဟာချိုင်တွင်လည်း ထင်ရှားသောမွန်တေးဂီတသမားများက မွန်အမျိုးသားနေ့ အခမ်းအနားပွဲတော်သို့ လာရောက်သီဆိုခဲ့ကြသည်ဟု သိရသည်။ မဲဆောက်မြို့နှင့် အခြားအစုအဖွဲ့ဒေသနေရာ အတော်များများတွင်လည်း အခမ်းအနားများ ကျင်းပခဲ့ကြသည်ကို ကြားသိရသည်။

၄င်းအပြင် အမေရိကန်ပြည်ထောင်စု၊ သြစတေလျား၊ နယူးဇီလန်၊ စင်ကာပူ၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့တွင်လည်း ကျင်းပခဲ့ကြပြီး ဖြစ်သည်။

အလားတူ ဥရောပနိုင်ငံများဖြစ်ကြသည့် နယ်သာလန်၊ ဂျာမဏီ၊ ဖင်လန်နိုင်ငံတို့တွင်လည်း ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။

လာမည့် မတ်လပထမပတ်တွင် အင်္ဂလန်၌ မွန်အမျိုးသားနေ့အခမ်းအနားတစ်ရပ်ကို ဆက်လက်ကျင်းပ သွားမည်ဟု ဖိတ်စာများပေးပို့ထားချက်အရ သိရသည်။ ကနေဒါတွင် နောက်အပတ်၌ ကျင်းပသွားမည်ဟု သိရသည်။

မလေးရှားနိုင်ငံပီနန်ကျွန်းတွင်လည်း မွန်အဆိုတော်များဖြင့် စည်ကားစွာကျင်းပခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ကွာလာလန်ပူ၌ ဆက်လက်ကျင်းပခဲ့သည်ဟု သိရှိရပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကာလကပင် နိုင်ငံရေးအသိနိုးကြားသော အနယ်နယ်အရပ်ရပ်၊ အဖွဲ့အစည်းအသီးသီးမှ မွန်မျိုးချစ်ခေါင်းဆောင်များစုစည်းပြီး မွန်အမျိုးသားညီလာခံတစ်ရပ်ကို သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင်ကျင်းပခဲ့ရာ မွန်ဘုရင်သမလ၊ ဝိမလမင်း ပဲခူးမြို့ဟံသာဝတီ မွန်နေပြည်တော်ကို စတင်တည်ထောင်သည့် သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကိုအစွဲပြုပြီး မွန်အမျိုးသားနေ့ကိုသတ်မှတ်ဆုံးဖြတ်ခဲ့ကြပြီး နှစ်စဉ်ကျင်းပခဲ့ကြသည်မှာ ယခုဆိုလျှင် (၆၃) ကြိမ်ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။

63rd-mnd_nmsp_army

မွန်ပြည်သစ်ပါတီ ကျင်းပသော မွန်အမျိုးသားနေ့ အခမ်းအနား စစ်ရေးပြ မြင်ကွင်း

63rd-mnd-Nai-Htaw-Mon

မွန်ပြည်သစ် ပါတီဥက္ကဌကြီး နိုင်ထောမွန် သဝဏ်လွှာ ဖတ်ကြားနေစဉ်