မွန်ပြည်သစ် အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ

မွန်ပြည်သစ် အင်အားစာရင်းတွေ ထပ်ပေးရပြန်ပြီ
by -
မင်းထက်အောင်
စစ်အစိုးရတောင်းဆိုနေသော နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စအား လက်မခံ ငြင်းပယ်နေသည့် အပစ်ရပ် မွန်ပြည်သစ်ပါတီ၏ လက်ရှိတပ်ဖွဲ့ဝင် လူအင်အားစာရင်းကို လွန်ခဲ့သည့်ရက်ပိုင်း၌ မော်လမြိုင်မြို့ ...

စစ်အစိုးရတောင်းဆိုနေသော နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စအား လက်မခံ ငြင်းပယ်နေသည့် အပစ်ရပ် မွန်ပြည်သစ်ပါတီ၏ လက်ရှိတပ်ဖွဲ့ဝင် လူအင်အားစာရင်းကို လွန်ခဲ့သည့်ရက်ပိုင်း၌ မော်လမြိုင်မြို့ ဆက်ဆံရေးရုံးမှတဆင့် ရတခသို့ပေးပို့ခဲ့ကြောင်း ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ပြောပြချက်အရ သိရှိရသည်။

အဆိုပါစာရင်းတွင် လက်ရှိမွန်ပြည်သစ်တပ်ဖွဲ့ဝင်အင်အား (၃၅ဝဝ) သုံးထောင်ငါးရာကျော် ဖေါ်ပြပါရှိသည်ဟုလည်း စစ်ဖက်ရေးရာထိပ်ပိုင်းအရာရှိကြီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောပါသည်။

“ဒီလိုစာရင်းတွေပေးရတာက ပုံမှန်လုပ်နေကျပါ၊ တစ်နှစ်တစ်ခါ ရတခကတောင်းလာတိုင်း ပေးနေကြဘဲ၊ အထူး အဆန်းရယ်လို့မဟုတ်ပါဘူး” ဟု ဆိုပါသည်။

ထို့အပြင်အခြားမြို့များရှိ မွန်ပြည်သစ်ပါဆက်ဆံရေးရုံးတို့သည်လည်း သက်ဆိုင်သည့်ဒေသအလိုက် အင်အား စာရင်းများကိုပါ ပေးပို့ခဲ့ရသည်ဟု ပြည်ပရေးရာဌာန စစ်ဖက်ရေးရာအရာရှိက ရှင်းလင်းပြောပြခဲ့သည်။

နှစ်ဖက်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးများကို မော်လမြိုင်မြို့တွင်အပြင် သံဖြူဇရပ်၊ ရေး၊ ဘုရားသုံးဆူနယ်စပ်မြို့များတွင်လည်း တရားဝင်ထားရှိဆဲဖြစ်သည်။

သက်ဆိုင်ရာဆက်ဆံရေးရုံးများ၏ သက်ဆိုင်ရာအင်အားစာရင်းတွင်လည်း ဒေသဆိုင်ရာအရာရှိများ၏ အမည်နာမ၊ တာဝန်ရာထူးအဆင့်နေရာများကို အတိအလင်း ရေးသာထားသည်ကို တွေ့ရှိရပါသည်။

သို့ရာတွင် လူအင်အားစာရင်းသက်သက်သာဖြစ်ပြီး လက်နက်အင်အားစာရင်းမပါရှိခဲ့ဟု သိရသည်။ မွန်ပြည်သစ် အပစ်အခတ်ရပ်စဲခဲ့ရာတွင် လူအင်အားစာရင်းအပြင် လက်နက်အမျိုးအစားများကို စာရင်းအရေအတွက်နှင့်တကွ စစ်အစိုးရထံ အသိပေးခဲ့ရသည်ဟု သိရသည်။

၁၉၉၅ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့ အပစ်ရပ်သည့်အခမ်းအနားတွင် မွန်ပြည်သစ်ပါတီမှ ထိုစဉ်က အဖွဲ့ဝင်အင်အား ခုနှစ်ထောင်ကျော်ရှိသည်ဟု မိန့်ခွန်းပြောကြားစဉ် အင်အားစာရင်းကို ထည့်သွင်းပြောကြားခဲ့သည်။