ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားသူ အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူ တစ်ဦးကို ထပ်မံဖမ်းဆီး

ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားသူ အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်နှင့် အဆက်အသွယ်ရှိသူ တစ်ဦးကို ထပ်မံဖမ်းဆီး
by -
ဆူးပန်း
စစ်အစိုးရမှ ဦးစီးကျင်းပ ပြုလုပ်မည့် (၂ဝ၁ဝ) ရွေးကောက်ပွဲကို ဆန့်ကျင် လှုပ်ရှားခဲ့သည့် အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်ကို သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ (၁ဝ) ရက်နေ့တွင် ရန်ကုန် မြို့ စစ်ကြောရေး စခမ်းသို့ ..

စစ်အစိုးရမှဦးစီးကျင်းပပြုလုပ်မည့်(၂ဝ၁ဝ)ရွေးကောက်ပွဲကို ဆန့်ကျင်လှုပ်ရှားခဲ့သည့် အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်ကို သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ(၁ဝ)ရက်နေ့တွင် ရန်ကုန် မြို့စစ်ကြောရေးစခမ်းသို့ ပို့လိုက်ပြီးနောက် ချောင်းဆုံမြို့နယ်မုဒွန်းကျေးရွာနေ လူငယ်တစ်ဦးကိုလည်း ဇန်နဝါရီ (၁၁)ရက်နေ့တွင် မြို့နယ်ရဲမှ ထပ်မံဖမ်းဆီးခဲ့ပြန်သည်ဟုဒေသခံများမှပြောပါသည်။  

တခြားဦးဇင်းဇော်လတ်နှင့်ဆက်စပ် ပက်သက်နေသည့် လူ ရှင်ရဟန်းများကိုလည်း စစ်အာဏာပိုင်များမှ လိုက်လံ စုံစမ်းနေဆဲဟုဆိုပါသည်။

ထပ်မံဖမ်းဆီးခံရသောသူမှာ ဦးဇင်းဇော်လတ်၏ သွားလိုရာခရီးကို လိုက်လံပို့ဆောင်နေသည့် ချောင်းဆုံမြို့နယ် ဇာတိ မွန်ကျိုက်စွဲအမည်ရှိ လူငယ်တစ်ဦးဖြစ်ပြီး ချောင်းဆုံမြို့နယ်ရဲများမှ ထပ်မံဖမ်းဆီးကာ မော်လမြိုင်မြို့သို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်ဟုဆိုသည်။

ဦးဇင်းဇော်လတ်ကိုဖမ်းဆီးပြီး နောက်ပိုင်းအခြေအနေများရှုပ်ထွေးလာ နေခဲ့သည်ဟု ထိုင်းနိုင်ငံကိုတိမ်းရှောင်လာ သော ဒေသခံသံဃာတော်တစ်ပါးမှ ယခုလို ပြောပါသည်။
“ ဦးဇင်းဇော်လတ်ကိုတော့ သူတို့က (၁ဝ)ရက်နေ့က ရဲတွေကနေပြီးတော့ ရန်ကုန်စစ်ကြောရေးစခမ်းကို ခေါ်သွား တယ်လို့ကြားတယ်။ သူတို့ကဘယ်မှာထားထား မှန်းတောင် အခုထိ ဆက်သွယ်လို့မရသေးဘူး။ အခုဆိုယင် ဦးဇင်း နဲ့ပက်သက်တဲ့လူတွေကျတော့ အခုထွက်ပြေးနေရတယ်လေ။ အဲရှောင်တိမ်းနေရတယ်ပေါ့။ မနေ့က ဘီလူးကျွန်းက ဦးဇင်းဇော်လတ်ကိုလိုက်လံပို့နေတဲ့ သူ့နာမည်ကသူမွန်ကျိုက်စွဲလို့လဲခေါ်တယ်။ သူ့ကိုလဲ ဒီချောင်းဆုံကရဲတွေဖမ်း ထားပြီးတော့ ဒီမော်လမြိုင်ကို ပို့ထားတယ်။ ဒီဦးဇင်းတို့အနေနဲ့လဲ လိုက်ပြီးတော့ စုံစမ်းနေတုံးဘဲ။ "

ဒါပေမဲ့အခုဦးဇင်းတို့ လှမ်းဆက်သွယ်နေတာလဲဖုန်းကိုင်တဲ့သူမရှိဘူး။ သူတို့လဲ ရှောင်တိမ်းနေရတာနဲ့တူပါတယ်။ သံဖြူဇရပ်မြို့နယ် ကျုံကရုတ်ကျေးရွာဘုန်းကြီး ပျံပွဲကိုသွားရန် မြို့ပြင်အထွက်၌  အသျှင်အဇ္ဇခေါ်ဦးဇင်း ဇော်လတ် ကို သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှ ဇန်နဝါရီ(၇)ရက်နေ့တွင်ဖမ်းဆီးခဲ့ပါသည်။ ၄င်းနှင့်အတူ သိမ်းဆည်း ရခဲ့သည့် ပစ္စည်း များမှာ အရေးကြီးသောအချက်အလက်များပါရှိသဖြင့် ရန်ကုန်ဌာနချုပ်ကနေ လှမ်းတောင်းလာသည်ဟု ဤဖြစ်စဉ် ကိုလေ့လာသူ မွန်ပြည်သစ် ပါတီဌာနဆိုင်ရာအရာရှိတစ်ဦးမှ ပြောပါသည်။

ဒေသခံစစ်ဘက်အာဏာပိုင်များနှင့် နီးစပ်သောသူတစ်ဦး၏အဆိုအရ ပြီးခဲ့သည့်ဇန်နဝါရီလ(၁)ရက်နေ့တွင် မွန်ပြည် နယ် မော်လမြိုင်မြို့မှ ရေးမြို့အထိ ကားလမ်း တလျှောက်တွင် လာမည့်(၂ဝ၁ဝ)ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အနေနှင့် ကတ္တရာကားလမ်းပေါ်တွင် စပရေးမှုတ်ဆေးများဖြင့် ဆန့်ကျင်ရေးသားသည့် လှုပ်ရှားမှု ဖြစ်ပွါးခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုတွင် အသျှင်အဇ္ဇကိုယ်တိုင် ပါဝင်နေသည်ဟု အာဏာပိုင်များမှ သံသယရှိခဲ့သည်ဟုဆိုပါသည်။  

အသျှင်အဇ္ဇကိုဖမ်းမိစဉ်က အတူသိမ်းဆည်းရခဲ့သည့်ကွန်ပြူတာ ဗွီဒီယိုကင်မရာထဲတွင် စပရေးကမ်ပိန်းလှုပ်ရှားမှု ဓါတ်ပုံများ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်များ ပါရှိသည့်အပြင် တခြားသံသယဖြစ်စရာ အထောက်အထားများ ကို တွေ့ရှိရသည်ဟု ပြောပါသည်။ သို့ရာတွင် တခြားအကြောင်းအရာအသေးစိပ်များကို မေးမြန်းခဲ့ရာတွင် ပြောဆို ရန် ငြင်းဆန်ခဲ့ပါသည်။

နအဖစစ်အစိုးရသည် (၂ဝ၁ဝ)ရွေးကောက်ပွဲကျင်းပပေးမည်ဟုကြေညာထားသော်လည်း ရွေးကောက်ပွဲနည်းဥပဒေ များကိုထုတ်ပြန်မှုမရှိသေးချေ။ အဆိုပါ ရွေးကောက်ပွဲကို ဆန့်ကျင်ရေးလှုပ်ရှားမှုပြုမည်ကို အထူးစိုးရိမ်နေသည်ဟု ဆိုပါသည်။

ယခုလာမည့်(၂ဝ၁ဝ)အထွေထွေရွေးကောက်ပွဲတွင်လည်း သံဃာတော်များအနေနဲ့ အရေးဆို ဆန္ဒပြဆန့်ကျင်မှုပြု လုပ်သွားမှာကို အာဏာပိုင်တွေကစိုးရိမ်နေကြပြီး ဆန့်ကျင်လှုပ်ရှားမှုပြုလုပ်သူများကိုလည်း အရေးယူသွား ဘွယ်ရာ ရှိဦးမည်ဟု မွန်ရဟန်းပျိုအဖွဲ့ဝင်တစ်ပါး ၏ပြောကြားချက်အရသိရပါသည်။