ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အရှေ့ခြမ်း ထီဖိုးသန်ကျေးရွာ သမိန်ဒွတ်ကျေး ရွာနေ ရွာသူရွာသားများသည် နအဖတပ် ခမရ(၃၅၇)က စစ်ကြောင်းမှူး ဗိုလ်မှူးသန်းထွန်းအောင်ကနေ၍ရွာအပြင် ရှိ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်တွင် နေခွင့်မပေးတော့ဘဲ လာမဲ့ဇန္နာဝါရီလ (၁၅)ရက်တွင် နောက်ဆုံးထားပြီး ရွာတွင်းပြန်လာကြရန် အမိန့်ထုတ်ညွန်ကြားထားသည်ဟု ဒေသခံများမှ ပြောပါသည်။
စစ်ကြောင်းမှူး၏ ညွန်ကြားချက်ထဲတွင် ရွာအပြင်ဘက်တွင်ရှိသည့် လယ်ယာ၊ တောင်ယာများမှာ တဲထိုးပြီး စပါး ရိတ်သိမ်းနေသည့် ရွာသူရွာသားများအနေနှင့် ကျေးရွာအတွင်းသို့ ပြန်ဝင်ရမည်ဖြစ်ပြီး အကယ်၍ မလိုက်နာပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ညွန်ကြားထားပါသည်။
ဤစစ်အမိန့်ညွှန်ကြားချက်ကြောင့် ယခု အခါရွာသားများ တောင်ယာထဲမှာမနေရဲတော့ဘဲ အလုပ်ကိုပစ်ထားရသည်ဟု ဒေသခံတစ်ဦးက အခုလိုပြောပါ သည်။“ ဒီထီဖိုးသန်ရွာနဲ့ အနီးအနားတွေက ရွာသားတွေကို အပြင်မှာရှိနေတဲ့ ခြံတို့တောင်ယာတို့ စစ်တပ်ကနေ သွားခွင့် မပေးဘူး။ တောင်ယာမှာတွေ့ရင်ပစ်သတ်မယ်လို့ အမိန့်ထုတ်ထားတယ်။ ပြီးတော့ ဒီအချိန်စပါးရိတ်သိမ်းချိန်ဆို တော့ လယ်သမားတွေစပါးမရိတ်သိမ်းရတော့ဘူး။ ဒုက္ခတွေရောက်တာပေါ့။ ဘာကြောင့် ဒီလိုလုပ်တာလည်း သူကြီးကိုမေးကြည့်တော့ တောထဲက ကရင်စစ်သားတွေကိုအဆက်ဖြတ်ဖို့ပြောကြတာဘဲ။ ဒီကြားထဲမှာ ကျွန်မတို့ ရွာသားတွေ ဒုက္ခအကြီးအကျယ်ရောက်လာတယ်။ စပါးမရှိယင်ဘာနဲ့စားမလဲဆိုတာ ကျွန်မတို့စဉ်းစားလို့မရတော့ ဘူး ”
ယခုအချိန်သည် စပါးရိတ်သိမ်းချိန် တောင်ယာခုတ်ထွင်ရမည့်အချိန်ဖြစ်သောကြောင့် ယခုလိုသွားလာခွင့် ပိတ်ပင် ထားခြင်းသည် တောင်ယာစိုက်သူတွေအတွက် အခက်အခဲတွေနဲ့ကြံုနေရသည်ဟု ဒေသခံတောင်သူ တစ်ဦးကအခု ပြောပါသည်။
“ အခုအချိန်က တောင်ယာခုတ်တဲ့အချိန်လေ။ မနှစ်ကတောင်ယာကလည်း သူ့အချိန်ကုန်ပြီးဆိုတော့ နောက်ထပ် တောင်ယာတခုတော့ထပ်ခုတ်ရအုံးမယ်။ အခုတော့ အပြင်ထွက်ခွင့် မရတော့ဘူးဆိုတော့ နောက်နှစ်အတွက်ကျ တော့တောင်ယာ ဘယ်လိုလုပ်ရမှန်းမသိဘူး။ အခုချိန်မှခုတ်ယင် ဟိုတပေါင်းလလောက်ကျမှ ဒီတောင်ယာကိုမီးရှို့ မယ်။ ပြီးတော့ သစ်ငုတ်တွေဘာတွေဖယ်ရမယ်။ အဲဒီလိုပေါ့ အလုပ်ကရှုပ်နေတာဘဲ။ အခုပိတ်ထားတော့ကျွန်တော် တို့ နဲနဲဂွကျတာပေါ့။ တကယ်လို့ခိုးထွက်ပြန်ယင်လည်း တောက ကရင်စစ်သားတွေနဲ့ဆက်သွယ်တယ်ဆိုပြီးတော့ သူတို့ကရိုက်မယ် ပုတ်မယ် သတ်ပစ်မယ်လို့ သူပြောတာဘဲ။ ဒါကြောင့်ကျွန်တော်တို့လည်း အခုအပြင်မထွက်ရဲဘူး"
ထီဖိုးသန်ကျေးရွာအုပ်စုသည် ယခင်ကကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးကနေ အုပ်ချုပ်ထားသည့် နယ်မြေဖြစ်နေသော်လည်း ယခုအခါတွင် ဒီကေဘီအေတပ်ဖွဲ့နှင့် နအဖတပ်တို့ စိုးမိုးထားသော နယ်မြေဖြစ်နေခဲ့ ပါသည်။ ဒီကြားထဲတွင် ကေအာန်ယူတပ်ဖွဲ့မှလည်း အခါအားလျှော်စွာဝင်ထွက်နေသည့် အတွက်ကြောင့် ယခုလို အဆက်အသွယ်နဲ့ ရိက္ခာဖြတ်တောက်ထားသည်ဟု အဆိုပါ တောင်သူတစ်ဦးမှပြောပါသည်။
အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာတွင် အခြေချလှုပ်ရှားနေသည့်ခမရ(၄ဝ၇) တပ်ဖွဲ့တွေကလည်း တောင်စွန်းတပ်စခန်းကို ပြုပြင်ဘို့အတွက် ရွာသူရွာသားတွေကို ပြီးခဲ့သည့်ဒီဇင်ဘာ (၂၅) ရက်နေ့တွင် အခကြေးငွေမပေးဘဲ လုပ်အားပေးဆင့်ခေါ်ခိုင်းစေနေသည်ဟု ဒေသခံတွေက ပြောပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာကစပြီး ကေအာန်ယူတို့ လှုပ်ရှားနေသော သထုံခရိုင် တောင်ငူခရိုင် ညောင်လေးပင်ခရိုင် ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများမှာ တပ်ရိက္ခာ သယ်ယူပို့ ဆောင်ဖို့ရယ် တပ်စခန်းများ တည်ဆောက်ပြုပြင်ဘို့အတွက်ရယ်် ဒေသခံပြည်သူတွေကို လုပ်အားခိုင်းစေမှုများ ပိုမိုလုပ်ဆောင်နေဟု နယ်စပ်ဒေသ ကရင့်အရေးလှုပ်ရှားသူတွေကဆိုပါသည်။