လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်ည၊ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတစ်ရပ်ပျော်ပွဲရွှင်ပွဲ ကျင်းပနေသည့်လူစည်ကားရာကွင်းပြင်၌ ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားပြီး လူအများသေဆုံး၊ ဒဏ်ရာရရှိခဲ့သည့်သတင်းနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်တစ်ရပ်တွင် KNU လက်ချက်မဟုတ်ဟု ဒုဥက္ကဌစောဒေးဗစ်သာကပေါက အတိအလင်းပြောကြားခဲ့သည်။
ထိုသို့ပြောကြားရာတွင် စောဒေးဗစ်သာကပေါက “ဒီလိုလုပ်ရပ်ကို နအဖကလုပ်ပြီးတော့ ထုံးစံအတိုင်း ကျနော်တို့ ကေအဲန်ယူကို စွပ်စွဲမယ်၊” ဟုဆိုပါသည်။
ဆက်လက်ပြီး “နအဖရဲ့ပေါ်လစီက အစွန်းရောက်လူမျိုးရေးဝါဒကိုကျင့်သုံးနေတယ်၊ ကျနော်တို့ တိုင်းရင်းသားရဲ့ယဉ်ကျေးမှုကိုဖြစ်ဆီးဖို့ကသူတို့လုပ်ငန်းဖြစ်ပါတယ်၊ ကျနော်တို့ ကရင်တွေသာမကပါဘူး အခြားတိုင်းရင်းသားရိုးရာ အစဉ်အလာတွေကိုလည်းဖျက်ဆီးမယ်၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတဲ့အတိုင်း ကျနော်တို့သူပုန်အဖွဲ့အစည်းတွေကို စွပ်စွဲမယ်”ဟု စေဒေးဗစ်သာကပေါက ပြောဆိုခဲ့သည်။
ယခုဖြစ်ရပ်ကို ကရင်ပြည်နယ်၊ ဖာပွန်မြို့၌ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ညပိုင်းပျော်ပွဲရွှင်ပွဲကြီးမှူးကျင်းပရာ စားသောက်ဆိုင်တန်း၊ အဝတ်အစားနှင့် အရုပ်များရောင်းသည့် ယာယီပွဲစျေးတန်းတို့တွင် ထိုည ၉ နာရီ ၁၀ မိနစ်ခန့်၌မိုင်းပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း၊ မိုင်းထောင်ခဲ့သူမှာ ဖာပွန်နှင့်နယ်စပ်အကြားလှုပ်ရှားနေသော KNU အဖွဲ့မှပြုလုပ်ခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရသတင်းစာက ဖေါ်ပြရေးသားသည်။
တနည်းအားဖြင့် မည်သူ၊ မည်ဝါ၊ မည်သူက စီမံလုပ်ဆောင်ခဲ့သည်ကို အတိအကျဖေါ်ပြထားခြင်း မရှိပေ။
အဆိုပါပေါက်ကွဲမှုကြောင့် ဦးစိုင်းသက်နိုင်(၅၁)နှစ်၊ ဦးအောင်ဇော်အေး(၃၆)နှစ်၊ ဦးခင်မောင်ထွေး(၃၂) နှစ်၊ ဦးဝင်းချို(၃၁)နှစ်၊ ဦးစန်းဝင်း(၄၀)နှစ်၊ မောင်ငြိမ်း(၂၆)နှစ်နှင့် အမည်စိစစ်ဆဲအသက်(၅၀)ခန့် ကရင်အမျိုးသားတစ်ဦးစုစုပေါင်း (၁၁)ဦး၊ ဒဏ်ရာရသူ(၁၁) ဦးတွင် အမျိုးသမီးတစ်ဦးသာပါဝင်သည်ဟု သတင်းတွင် ဖေါ်ပြခဲ့သည်။
ထိုပေါက်ကွဲမှုသတင်းကို ယမန်နေ့နံနက်ပိုင်း၌ ကောင်းဝါသတင်းဌာနမှ သိရှိခဲ့ရာတွင် ရဲဝန်ထမ်းများပါသည်သည်ဟု ဆိုပါသည်။ သို့ရာတွင် မျက်မြင်သက်သေများအတည်ပြုချက်ရယူရန် ဖာပွန်မြို့ပြည်တွင်းတယ်လီဖုန်းလိုင်းမှာ ဆက်သွယ်မရဖြစ်နေသည်။
ဒီကေဘီအေအဖွဲ့တွင်တွေရှိရသောရှေ့ထွက်မိုင်းတစ်မျိုး
ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်တိုင်းရင်းသားမိတ်ဆွေများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် ကရင်လူမျိုးတို့ အထွတ်အမြတ်ထားဆုံး နေ့ထူးရက်မြတ်အခါတော်နေ့တွင် မည်သည့်ကရင်လူမျိုး၊ လက်နက်ကိုင်အဖွဲ့များမှ လုပ်ရက်ကြလိမ့်မည်မယူဆကြောင်း၊ ပြုလုပ်သူမှာ ကရင်သမိုင်းတွင် တရားခံအဖြစ် အတင်ခံသွားရမည်ဟု ပြောဆိုနေကြသည်။
နှစ်စဉ်ပြာသိုလဆန်း(၁)ရက်နေ့သည် ကရင်နှစ်သစ်ကူးနေ့ဖြစ်ပြီး ယခုတွင် (၇၀) နှစ်ပြည့်မြောက်သည်။ ကရင်တိုင်းရင်းသားများနေထိုင်ရာ ပြည်တွင်းတွင်သာမက ကမ္ဘာနေရာဒေသများတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။