နိုင်အောင်နိုင် အဖွဲ့တွင် ရာမည တပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင် ဝင်ရောက် ပူးပေါင်းလိုက်ပြီ

နိုင်အောင်နိုင် အဖွဲ့တွင် ရာမည တပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင် ဝင်ရောက် ပူးပေါင်းလိုက်ပြီ
မကြာခင်လပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချခဲ့ပြီး ထိန်းသိမ်းထားခံသည်ဟု သတင်း ထွက်ပေါ်နေသော ရာမည တပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်သည် နိုင်အောင်နိုင် ဦးဆောင်သော မွန်အမျိုးသား ငြိမ်းချမ်းရေး ...

ကောင်းဝါ(ဒီဇင်ဘာ-၁၅)။    ။ မကြာခင်လပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချခဲ့ပြီး ထိန်းသိမ်းထားခံသည်ဟု သတင်း ထွက်ပေါ်နေသော ရာမည တပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်သည် နိုင်အောင်နိုင် ဦးဆောင်သော မွန်အမျိုးသား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကောင်စီပါတီ MNPCP  အဖွဲ့သို့ ဝင်ရောက် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ၄င်း၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ကောင်းဝါသတင်းဌာနသို့ ယနေ့တွင် ဆက်သွယ် ပြောကြားလာသည်။

သို့ရာတွင် အဆိုပါပြောခွင့်ရ ပုဂ္ဂိုလ်၏အမည်ကို ကောင်းဝါသတင်းမှ ဖေါ်ပြခွင့်မရခဲ့ပေ။

လွန်ခဲ့သည့်သီတင်းပတ်တွင် မော်လမြိုင်မြို့၌ (၃) ရက်ကြာ နှစ်ဖက်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြပြီး နိုင်ရှောင် MNPCP ဒုဥက္ကဌဖြစ်လာသည်။ ၄င်းနှင့်အတူ တပည့်(၈) ဦး ပါဝင်လာသည်ဟုလည်း MNPCP ဥက္ကဌ နိုင်အောင်နိုင်၏ပြောခွင့်ရပုဂ္ဂိုလ်က အကျယ်တဝင့် ရှင်းပြခဲ့ ပါသည်။

ထို့နောက် အသက်(၇၀) နီးပါရှိပြီဖြစ်သော နိုင်ရှောင်(မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဟောင်း)သည် ရေးမြို့နယ်ဒေသတစ်ဝိုက်တွင် တပ်ဖွဲ့ဝင်သစ် အင်အားထပ်မံစုဆောင်းနိုင်ရန် ၄င်း၏အစောင့်အကြပ်များနှင့်အတူ ရေးမြို့နေအိမ်တစ်အိမ်၌ စစ်အစိုးရမှ နေထိုင်ခွင့်ပြုထားသည်ဟု အဆိုပါပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားပါသည်။

အလားတူ အသက် (၇၃)နှစ်ခန့်ရှိပြီဖြစ်သော နိုင်အောင်နိုင်(မွန်ပြည်သစ်ပါတီမှ ဗိုလ်ချုပ်ဟောင်း)မှာလည်း ယခုရက်ပိုင်းအတွင်း မြဝတီနယ်စပ်မြို့သို့ ရောက်ရှိလာပြီး ၄င်းအဖွဲ့၏စီးပွားရေးရုံး တာဝန်ခံသစ်တစ်ဦး ဖြစ်လာသူ နိုင်ရှား ဆိုသူအားနယ်စပ်တွင် လာရောက်ခန့်အပ်တာဝန်ပေးခြင်း ဖြစ်သည်ဟု သိရသည်။

မျက်မြင်သက်သေများ အဆိုအရ MNPCP အဖွဲ့တွင် လူအင်အား (၂၀) ထက်မပိုဟုခန့်မှန်းနေကြသည်။ အားလုံးလိုလိုမှာ အကြောင်းအမျိုးမျိုးကြောင့် မွန်ပြည်သစ်ပါတီမှ ပါတီဝင်ရဲဘော်ဟောင်းများသာ ဖြစ်နေကြသည်။

၄င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ၄င်းတို့ပါတီအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အင်အားမရှိ၍ မပါဝင်နိုင်သော်လည်း တပ်ရင်း(၃)ရင်းဖွဲ့စည်း၍ နယ်ခြားစောင့်တပ်ဖွဲ့အသွင် ကူးပြောင်းမည့် အစီအစဉ်ရှိသည်ဟု ဆိုပါသည်။

တပ်ရင်း(၃)ရင်းဖွဲ့စည်းရန် လက်နက်နှင့်လူသူအင်အား ရနိုင်မနိုင်၊ ဖြစ်နိုင်ချေရှိမရှိကို မေးမြန်းကြည့်ရာတွင် ၄င်းပြောရေးဆိုခွင့်ရှိသူက ပြောဆိုရန်ငြင်းပယ် ခဲ့ပါသည်။

စစ်အစိုးရ၏နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကိုလက်မခံသလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မပါဝင်နိုင်ကြောင်း မွန်အမျိုးသားတို့တွင် အင်အားအကြီးမားဆုံးဖြစ်သည့် မွန်ပြည်သစ်ပါတီက အတိအလင်းကြေညာထားပြီး ဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ကွဲပြားနေသော အခြားမွန်လက်နက်အဖွဲ့အစည်းများအပေါ် ယခုလက်ရှိ မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA လှုပ်ရှားရာဒေသများအတွင်း မိသားစုများနှင့်ပုဂ္ဂိုလ်ရေးအရ သွားလာနေထိုင်မှုတို့ကို တားမြစ်ထားခြင်းမရှိပေ။

သို့ရာတွင် မွန်ပြည်သစ်ပါတီလှုပ်ရှားသည့် ဧရိယာဒေသများအတွင်း မည်သည့်မွန်အဖွဲ့အစည်းမဆို လက်နက်ကိုင်ဆောင်၍ ဝင်ရောက်သွားလာမှုကို လုံးဝခွင့်မပြုကြောင်း မွန်ပြည်သစ်ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးနှင့် ကောင်းဝါသတင်းဌာန တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရနှင့် လက်နက်ချ၊ ပူးပေါင်းလျှက်ရှိသည့် မွန်လက်နက်ကိုင်အဖွဲ့များမှာ တနင်္သာရီတိုင်းတွင် နိုင်ချမ်းတိမ်း ဦးစီးသော မြိုတ်ခရိုင် ချောင်ချိဒေသအဖွဲ့၊ နိုင်စိုက်ချမ်း (ခေါ်) နိုင်ဇံအဖွဲ့၊ နိုင်အောင်နိုင် ဦးစီးသော MNPCP တို့ရှိကြသည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိစစ်အစိုးရကို တိုက်ခိုက်နေသော အဖွဲ့များမှာ နိုင်ပန်းညွန့် ဦးစီးသည့် ဟံသာဝတီပြန်လည်တည်ထောင်ရေးပါတီ၊ နိုင်ချန်းတိန်းအုပ်စု၊ နိုင်ဗင်းအုပ်စု၊ မကြာမီကအသစ်ဖွဲ့စည်းခဲ့သည့် မွန်အမျိုးသားကာကွယ်ရေးတပ်မတော် MNDA တို့လည်းရှိနေကြသည်။

အဆိုပါတပ်ဖွဲ့အားလုံးမှာ စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း အခြေအနေအရပ်ကြောင့် မွန်ပြည်သစ်ပါတီမှ ထပ်မံပဲ့ထွက်လာသော အဖွဲ့ငယ်များ ဖြစ်သည်။