ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူ များပြားလာသော်လည်း မြန်မာများ ရတက် မအေးနိုင်ကြသေး

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူ များပြားလာသော်လည်း မြန်မာများ ရတက် မအေးနိုင်ကြသေး
ကော့သောင်းမြို့ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနတွင် ယခု သီတင်းပတ်အတွင်း ပတ်စပို့ ပြုလုပ်သူ အရေအတွက် ပိုများလာကြောင်း ဆက်သွယ် မေးမြန်ချက်အရ သိရသည်။ ...

ကောင်းဝါ(ဒီဇင်ဘာ-၁၁)။ ကော့သောင်းမြို့ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနတွင် ယခု သီတင်းပတ်အတွင်း ပတ်စပို့ ပြုလုပ်သူ အရေအတွက် ပိုများလာကြောင်း ဆက်သွယ် မေးမြန်ချက်အရ သိရသည်။

အဆိုပါယာယီပတ်စပို့ဌာနအရာရှိ ဒုရဲအုပ်စန်းလွင် ပြောပြချက်အရ ယခုတစ်လောအတွင်း တစ်နေ့လျှင်ပျမ်းမျှ ၅၀ ဦးခန့်ထုတ်ပေးနိုင်ကြောင်း သိရသည်။ ကော့သောင်းမြို့ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနတစ်ခုတည်းတွင် မြန်မာရွေ့ပြောင်းအလုပ်သမား ၁၈၀၀ ခန့် ပြုလုပ်ပေးခဲ့သည်ဟု ဆိုပါသည်။

လွန်ခဲ့သည့်ဇူလိုင်လလယ်တွင် ကော့သောင်းမြို့ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ရေးစခန်း စတင်ဖွင့်လှစ်ခဲ့စဉ် တစ်နေ့လျင်အလုပ်သမား(၁၅) ယောက်ထက်မပိုကြောင်း ထိုစဉ်ကအစိုးရသတင်းစာများတွင် ရေးသားဖေါ်ပြခဲ့ကြသည်။

တနည်းအားဖြင့် မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားရယူရာတွင်  နိုင်ငံသားစိစစ်ရေး သက်သေခံကဒ်ပြား မတင်ပြနိုင်သူများ၊ နေရပ်လိပ်စာ နာမည်အချက်အလက်လွှဲထားသူများနှင့် အာဏာပိုင်အချို့ ငွေညှစ်ခြိမ်းခြောက်ခဲ့သည့်သတင်းများ ပြန့်နှံ့နေသည့်အတွက် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေအကြား ၄င်းယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အခက်ကြုံနေရဆဲဖြစ်သည်။

ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသရှိ အလုပ်ရုံတစ်ခုမှ အလုပ်သမား ၂၅ ကို ဦးဆောင်ပြီး ယခုရက်ပိုင်းအတွင်း ယာယီနိုင်ငံကူးလက်မှတ်ရရှိလာသူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ကိုကျော်သီဟ အဆိုအရ ယာယီနိုင်ငံကူးလက်မှတ်လုပ်ခဲ့တဲ့နေရာတွင် အစအဆုံးထိုင်းဘတ်ငွေ လေးထောင်သာ ကုန်ကျသည်ဟု သိရသည်။

သို့ရာတွင် အချို့ပွဲစားများထံတွင် တစ်ဦးအတွက်ကုန်ကျငွေ ဘတ်ငွေခြောက်ထောင်၊ ကိုးထောင်၊ တစ်သောင်းခွဲအထိ ပေးဆောင်ခဲ့ကြရသည်ဟုလည်း သိရသည်။

အခြားဖြစ်ရပ်တစ်ခု၌ လွန်ခဲ့သည့် နိုင်ဝင်ဘာလ ၁၃ ရက်နေ့တွင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန် မှတ်ပုံတင်အထောက်အထားပြန်ယူသူ ၈ ယောက် မြဝတီမှမော်လမြိုင်သို့ အငှားကားတစ်စီးနှင့်အပြန် လမ်းကြောင်း၌ တောင်ကလေးအမြောက်တပ်ဖွဲ့နှင့် ဒီကေဘီအေတို့ဖမ်းဆီးခဲ့ရာ တစ်ဦးကို ကျပ်ငွေလေးသိန်းခွဲပေးဆောင်ခဲ့ရသည်ဟု ကာယကံရှင်တစ်ဦးဖြစ်သူ ဦးဝင်းအောင်က ကောင်းဝါသတင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

၄င်းအဆိုအရ မှတ်ပုံတင်မရှိ၍ဖမ်းဆီးခြင်းမဟုတ်သော်လည်း တဖက်နိုင်ငံတွင် တရားမဝင်အလုပ်လုပ်ပြီး ထိုင်းပစ္စည်းများသယ်ဆောင်လာသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိစစ်အစိုးရထုတ်ပြန်ထားသည့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးကိစ္စတွင် အလုပ်သမားများ အခွန်ပေးဆောင်စရာမလိုဟု ဖေါ်ပြထားပါသည်၊
သို့သော် လာမည့်အနာဂတ်နိုင်ငံတော်တွင် မြန်မာအစိုးရသစ်မှ နောက်ထပ်ဥပဒေအသစ်များပြောင်းလဲပြင်ဆင်ပြီး ယခုပတ်စပို့ပြုလုပ်ခဲ့သည့် အလုပ်သမားများအပေါ် အခွန်ငွေနောက်ပြန် မကောက်ခံနိုင်ဟု မည်သူမှအာမခံ ကတိပေးထားခြင်း မရှိသေးဟုသိရသည်။