စံခလပူရီ(နိုဝင်ဘာ-၂၅)။ ။ ဥက္ကဌကြီး နိုင်ထောမွန် ဦးဆောင်သော မွန်ပြည်သစ်ပါတီရှေ့ဆောင်အဖွဲ့သည် နိုဝင် ဘာ(၂၄)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်တွင် ထိုင်းမြန်မာ နယ်စပ် တစ်နေရာ၌ ရှင်းလင်းပွဲကျင်းပ ခဲ့သည်။
အဆိုပါအခန်းအနားတွင် သဘာပတိအဖြစ် ရှေ့ဆောင် အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဥက္ကကြီး နိုင်ထောမွန် ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်နိုင်အောင်မင်း စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဗညားမဲ့စန်းတို့မှဆောင် ရွက်ပြီး အခန်းအနားမှူးအဖြစ် နိုင်ဗညားအိန်(ဇော်မင်းဦး)မှ ဆောင်ရွက်သွားပါသည်။
အဆိုပါအခန်းအနားတွင် ဥက္ကဌကြီးနိုင်ထောမွန်မှ လက်ရှိနိုင်ငံရေးအခြေအနေများ မွန်ပြည်သစ်ပါတီ၏ ရပ်တည် ချက်များနှင့် လာမည့်(၂ဝ၁ဝ) အထွေထွေရွေးကောက်ပွဲအပေါ် သဘောထားများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထိုအခန်းအနားကို မွန်ပြည်သစ်ပါတီဝင်ဟောင်းများ မွန်လူမှုအဖွဲ့အစည်းမှပုဂ္ဂိုလ်များ သတင်းဌာနများမှ စုစုပေါင်း (၅ဝ)ဦးတက်ရောက်ခဲ့သည်။
အခန်းအနားတက်ရောက်သူများအနေနှင့်မရှင်းမလင်းရှိသည်များကို ပြန်လည်မေးမြန်းပြီး အကြံညာဏ်များ တင်ပြ ခဲ့ကြောင်း သိရပါသည်။
ဥက္ကဌကြီးနိုင်ထောမွန်ဦးစီးသော ရှေ့ဆောင်အဖွဲ့သည် သထုံခရိုင် မော်လမြိုင်ခရိုင် ဘုရားသုံးဆူဒေသနှင့် ဆက်စပ် ရာ နယ်စပ်ဒေသတို့တွင်ရှိသည့် ခရိုင်တပ်ရင်းတပ်ဖွဲ့များရှိ ပါတီဝင်ရဲဘော်များနှင့်၄င်း မွန်အဖွဲ့အစည်း များနှင့် ၄င်းတွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေများကို ရှင်းလင်းခဲ့သည်။ လိုအပ်သောအကြံညာဏ်များကို လည်း တောင်းခံခဲ့သည်ဟု သိရပါသည်။