ကောင်းဝါ(နိုင်ဝင်ဘာ-၂၃)။ ။ ထိုင်းနပ်စပ်ဘော်စံဒွန်းကျေးရွာတွင် နေထိုင်ကြသော ဗိုလ်မှူးကြီးပန်းညွန့် ဦးဆောင်သည့် ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီ၏ တပ်မိသားစုဝင်(၁၉)ဦးကို ထိုင်းစစ်တပ်မှ ဖမ်းဆီးလာပြီး စံခလပူရီနယ်စပ်ရှိ ဗလဲ့ဒွန်ဖိုက်စခမ်းတွင် မွန်ပြည်သစ်ပါတီ၊ မြို့နယ်ရုံးသို့ လွှဲအပ်ပေးခဲ့ကြောင်း ဒေသခံများမှ ပြောပြခဲ့သည်။
ထိုဖြစ်စဉ်ကို မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ မြို့နယ်ကော်မီတီတစ်ဦးကို မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး ကားပေါ်မှဆင်းဆင်းခြင်း လူ(၃)ဦးထွက်ပြေးခဲ့ပြီး ကျန်ရှိသော သူများကို စစ်ဆေးမေးမြန်းရန် အတွက် ခေတ္တထိန်းသိမ်းထားကြောင်း။ ၄င်းတို့အတွက် လုံခြုံရေးနှင့် နောက်ဆက်တွဲ အစီအစဉ်များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်မှူးကြီးပန်းညွန့်သည် ၂၀၀၁ ခုနှစ် စက်တင်ဘာ(၈)ရက်တွင် မွန်ပြည်သစ်ပါတီမှအမှတ်(၁) ဗျူဟာမှုး တာဝန် ယူနေစဉ်အတွင်း ခွဲထွက်ခဲ့ပြီး ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီကို တည်ထောင်ခဲ့သည်။
မွန်ပြည်သစ်ပါတီနှင့်လည်း လက်နက်ကိုင် ပဋ္ဋိပက္ခဖြစ်ပွါးခဲ့သေးသည်။ ယ္ခုအခါဗိုလ်မှူးကြီးပန်းညွန့်သည် ပရာချွတ် ကရိကန်ဒေသတွင် နောက်လိုက်အနည်းငယ်နှင့် အခြေပြုနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။