ကောင်းဝါ(နိုဝင်ဘာ-၂၃)။ ။ မြန်မာစစ်တပ်ထံမှ လက်နက်အချို့ကို နီးစပ်ရာအရာရှိများထံမှ လှို့ဝှက်ဆက်သွယ် ၍ ဝယ်ယူရရှိခဲ့ကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါမြို့ခံသည် သံဖြူဇရပ်မြို့အနီးရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်း(ဝဲကလိ) အရာရှိတစ်ဦးထံမှ ၃၂ ပစ္စတိုသေနတ်တစ်လက်နှင့် ၄င်းကျည်ဆံ ၅ တောင့်ကို ငွေကျပ် ၄ သိန်း ဖြင့် ဝယ်ယူရရှိခဲ့သည်ဟု ဆိုပါသည်။
သံဖြူဇရပ်မြို့ရှိ မြိုခံတစ်ဦးအဆိုအရ ငွေကြေးရှိသူအချို့သည် ယခင်တိုင်းဗဟို (၄) စစ်သင်တန်းကျောင်း(ဝဲကလိ) မှ သေနတ်အချို့ ဝယ်ယူကြပြီး မိမိတို့ပုဂ္ဂိုလ်လုံခြုံရေးအတွက် လှို့ဝှက်ဆောင်ထားကြသည်ဟု သိရသည်။ ယခင် တိုင်းဗဟို (၄) စစ်သင်တန်းကျေင်းကို ၂၀၀၀ ခုနှစ်ကျော်ခန့်မှ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်းဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။
အလားတူ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာရယက ဥက္ကဌအများစုသည်လည်း အဆိုပါဝဲကလိတပ်စခန်းမှ ခြောက်လုံး ပြူးနှင့် ပစ္စတိုသေနတ်တို့ကို ဝယ်ယူနေခဲ့ကြသည်မှာ နှစ်အတန်ကြာကတည်းက ရှိခဲ့သည်ဟု အမည်မဖေါ်လိုသူ ရယကဥက္ကဌဟောင်းတစ်ဦးက ပြောကြားခဲ့ပါသည်။
အထူးသဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရယကဥက္ကဌတို့သည် မိမိကျေးရွာဧရိယာအတွင်း၌ ခြောက်လုံးပြူး သေနတ် ခါးတွင်ချိတ်ကာ လှုပ်ရှားသွားလာနေကြသည်ကို ရွာတိုင်းလိုလိုတွင် လူအများ တွေ့မြင်နေကြရဆဲ ဖြစ်သည်။
သို့ရာတွင် ၄င်းရယကဥက္ကဌဟောင်းက “ဘာကြောင့်လဲတော့မသိဘူး တပ်နယ်မှူးနဲ့ မယကတို့က ဥက္ကဌအသစ် တင်လိုက်တာနဲ့ကျနော်လည်းပြုတ်သွားတာပဲ၊ ဒီခြောက်လုံးပြူးနဲ့ လမ်းလျှောက်စကားပြောစက်တွေကို တပ်နယ်မှူး ဆီ ကျနော်သွားပြီးအပ်လိုက်တယ်၊ မဟုတ်ယင် လက်နက်၊ စကားပြောစက်တွေ တရားမဝင်အသုံးပြုမှုနဲ့ ထောင်ကျ ခံရမယ်” ဟုဆိုပါသည်။
သံဖြူဇရပ်မြို့မ ရဲစခန်းမှ အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးအဆိုအရ အဆိုပါလက်နက်များမှာ ၁၉၈၈ ခုနှစ် အရေး အခင်းကာလ စစ်တပ်မှအာဏာသိမ်းစဉ် လူပုဂ္ဂိုလ်များကိုင်ဆောင်ခွင့်ရှိသည့် လိုင်စင်ရသေနတ်များကို သံဖြူဇရပ် မြို့နယ်အတွင်း ထိုစဉ်ကလိုက်လံသိမ်းဆည်းခဲ့ပြီး ယခုထက်တိုင် သိုလှောင်ထားသည့် လက်နက်ဟောင်းများဖြစ်နိုင် သည်ဟု ယူဆရသည်။