အမှတ်(၃) တပ်ရင်းမှူး စေားလေးဝါးအား K.P.F တပ်ဖွဲ့မှ ထုတ်ပယ်

အမှတ်(၃) တပ်ရင်းမှူး စေားလေးဝါးအား K.P.F တပ်ဖွဲ့မှ ထုတ်ပယ်
K.P.F ခေါ်ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)ဌာနချုပ်မှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အခြေစိုက်  အမှတ်(၃) တပ်ရင်းမှူး ဗိုလ်မှူးစောလေးဝါး ...

ကောင်းဝါ(နိုဝင်ဘာ- ၁၆)။    ။ K.P.F ခေါ်ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)ဌာနချုပ်မှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အခြေစိုက်  အမှတ်(၃) တပ်ရင်းမှူး ဗိုလ်မှူးစောလေးဝါးအား တာဝန်နှင့်ညွှန်ကြားချက်များ အပေါ် လိုက်နာရန်ပျက်ကွက်မူ၊ အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာခြင်းမရှိသည့်အတွက် K.P.F တပ်ဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ဥက္ကဌစောသမူဟဲကိုယ်တိုင် လက်မှတ် ရေးထိုး၍ အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးစောလေးဝါးကို ထုတ်ပယ်ရခြင်းအကြောင်းအသေးစိတ် တိတိကျကျ ဖေါ်ပြခြင်းမရှိသော်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့တွင် ၄င်းနှင့်အတူ K.P.F တပ်ဖွဲ့ဝင်(၈)ယောက်ကို K N U ဘက်မှထိန်းသိမ်းထားပြီး လက်နက် ဖြုတ်သိမ်း၍ ပြန်လွှတ်လာသည့်အပေါ် K N U အဖွဲ့နှင့် နားလည်မှုယူထားသည့်သူဟု နအဖတပ်မှ သံသယရှိနေ ခဲ့သည်။ ၄င်းကိုရာထူးမှ ထုတ်ပယ်ရန် နအဖဘက်မှ K.P.F ထိပ်ပိုင်းခေါင်းဆောင်များကို ဖိအားပေးထားသည်ဟု စောလေးဝါးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

အမှတ်(၃)တပ်ရင်မှာ အင်းအား(၂၅)ယောက်ကျော်သာရှိသည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရန် မှာ အင်းအားလုံလောက်မှုမရှိသဖြင့် တပ်ရင်း(၃)ရင်းကိုပေါင်းမှသာ တပ်ရင်းတစ်ရင်းစာသာ ရှိသည်။ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန်မှာ တပ်ဖွဲ့ဝင်အချို့ လက်မခံခြင်း၊ လူအင်းအားမရှိခြင်းတို့ကြောင့် ကြန့်ကြာ နေသည်ဟု K.P.F တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၉)ရက်နေ့တွင် အမှတ်(၃)တပ်ရင်းမှူးနေရာကို ဗိုလ်မှူးစောဝါးချဲ့အား အစားထိုးခန့်အပ်ရာတွင် ဗိုလ်မှူးစောလေးဝါး လက်မခံ နေရာဖယ်ရှားပေးရန် ငြင်းဆန်းခဲ့သဖြင့် ပြဿနာအကြီးအကျယ် ဖြစ်ပွါးခဲ့သည်။ ဘုရားသုံးဆူ အခြေစိုက် နအဖ တပ်ရင်းမှူး ဗိုလ်မှူးမြတ်ထွန်းအေးကိုယ်တိုင် ဝင်ရောက်ဖြေရှင်းခဲ့ သော်လည်း ယ္ခုအချိန်အထိ ပြဿနာ ပြီးပြတ်မှုမရှိသေးဘဲ အချင်းချင်းရန်စောင်နေကြသည်ဟု ဒေသခံများက ပြောပါသည်။

ဦးစောသမူဟဲခေါင်းဆောင်သည့် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)သည် K N U မှခွဲထွက်ပြီး ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့သောအဖွဲ့ဖြစ်သည်။ အဆိုပါ လက်နက်ချ အခန်းအနားတွင် ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအလံအပေါ် နင်းလျှောက် ခဲ့သည့်အပေါ် ကရင်လူမျိုး အများစု ကျေနပ်မှုမရှိကြဟု ဆိုသည်။

nov09-16_clip_image002_0000

Most read this week