ခလရ (၃၁) တပ်ရင်းမှ ယင်းရဲရွာသားများအပေါ် ဖမ်းဆီး ညှင်းပမ်းနှိပ်စက်

ခလရ (၃၁) တပ်ရင်းမှ ယင်းရဲရွာသားများအပေါ် ဖမ်းဆီး ညှင်းပမ်းနှိပ်စက်
မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းတွင်ရှိသော ယင်းရဲကျေးရွာသား(၈)ဦးကို နိုဝင်ဘာလ( ၉ )ရက်နေ့တွင် ခေါဇာမြို့နယ်ခွဲအခြေစိုက် နအဖတပ် ခလရ(၃၁)တပ်ရင်းမှ ဖမ်းဆီးပြီး ညှင်းပမ်း နှိပ်စက် ...

ကောင်းဝါ(နိုဝင်ဘာ- ၁၆)။    ။ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းတွင်ရှိသော ယင်းရဲကျေးရွာသား(၈)ဦးကို နိုဝင်ဘာလ( ၉ )ရက်နေ့တွင် ခေါဇာမြို့နယ်ခွဲအခြေစိုက် နအဖတပ် ခလရ(၃၁)တပ်ရင်းမှ ဖမ်းဆီးပြီး ညှင်းပမ်း နှိပ်စက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။

အဆိုပါ ယင်းရဲကျေးရွာကို နိုင်အဆောင်းဦးဆောင်သည့် မွန်ခွဲထွက်တပ်ဖွဲ့အချို့ဝင်ရောက်လာပြီး နိုဝင်ဘာပထမ အပါတ်လောက်တွင် ငွေကြေးကောက်ခံခဲ့သည်။ ၄င်းခွဲထွက်တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ပြီး ဆက်သွယ်မှုပြုလုပ် နေသည်ဟု အကြောင်းပြ၍ ခလရ(၃၁)တပ်ရင်းမှ တပ်ခွဲမှူးဦးစီးအင်အား (၁၅) ယောက်ခန့်ရောက်လာပြီး ကျေးရွာ ဥက္ကဌ နိုင်ကျော်ဟိန်းအပါအဝင် နိုင်ငယ်၊ နိုင်လံဘား၊ နိုင်ကျော်နိုင်၊ နိုင်ဝိဇ္ဇာ အစရှိသည့်ရွာသား (၈)ယောက်ကို ဖမ်းဆီးကာ နှိပ်စက်ညှင်းပမ်းမှုပြုခဲ့သည်ဟု ကိုယ်တိုင်ခံရသူ ရွာသားတစ်ဦးမှ ပြောပါသည်။

“ကျွန််တော်တို့ကို ဖမ်းဆီးတယ်။ ကြိုးနဲ့တုတ်ပြီးရိုက်တယ်။ ဒီခွဲထွက်အဖွဲ့တွေနဲ့ ဆက်သွယ်နေတယ် သူပုန်ဆိုပြီးတော့ ရိုက်တယ်”

အဆိုပါ ရေးတောင်ပိုင်ကျေးရွာများဖြစ်သော ယင်းဒိန်၊ ယင်းရဲ အစရှိသောရွာများတွင် မွန်ခွဲထွက်တပ်ဖွဲ့များမှ အစဉ်လိုလို လှုပ်ရှားမှုပြုနေကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာပထမအပါတ်လောက်တွင် အဆိုပါခွဲထွက်အဖွဲ့နှင့် ခလရ(၃၁)တပ်တို့ ယင်းရဲရွာအနီးတိုက်ပွဲဖြစ်ခဲ့ပြီး ၄င်းတို့ဘက်မှ အထိနာခဲ့သောကြောင့် ယခုလိုယင်းရဲကျေးရွာ အပေါ် အညှိုးထားပြီး ရွာသားများကို နှိပ်စက်ညှင်ပမ်းမှုများ ပြုလုပ်သည်ဟု ရွာသားတစ်းဦးမှ ပြောပါသည်။