(ကလလတ) အဖွဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် အခန်းအနားကျင်းပ

(ကလလတ) အဖွဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် အခန်းအနားကျင်းပ
ကရင်နီအပစ်ရပ်ဖွဲ့တခုဖြစ်သော ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက် ရေးတပ်ဦး (ကလလတ)အဖွဲ့သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပန်းတိန်းနှင့် စွပ်ပိုင်းဒေသ၌ နယ်ခြား စောင့်တပ်ဖွဲ့ ...

ကောင်းဝါ(နိုဝင်ဘာ- ၁၁)။     ။ ကရင်နီအပစ်ရပ်ဖွဲ့တခုဖြစ်သော ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက် ရေးတပ်ဦး (ကလလတ)အဖွဲ့သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပန်းတိန်းနှင့် စွပ်ပိုင်းဒေသ၌ နယ်ခြား စောင့်တပ်ဖွဲ့ ဖွင့်လှစ်သည့်အခန်းအနားကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါအခန်းအနားကို ဦးထွန်းကျော်ဦးစီးသော (ကလလတ)အဖွဲ့ဝင်များနှင့်အတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ရာပြည့်၊ ကယားပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဗိုလ်ချုပ်ဝင်းမြင့်တို့ တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူ(၄၀၀)ခန့် တက်ရောက်ခဲ့သည်။ ထိုအခန်းအနားတွင်(ကလလတ)တပ်ဖွဲ့ဝင်များကို တပ်မတော်၏ ရာထူးအဆင့်တံဆိပ်များ တပ်ဆင်ပေးပြီးတပ်မတော်နည်းတူ ခံစားခွင့်များပေးအပ်မည်ဟု နိုင်ငံပိုင် သတင်းစာထဲတွင်ဖေါ်ပြခဲ့သည်။

အဆိုပါ(ကလလတ)အဖွဲ့အနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့အသွင်လက်ခံခဲ့သည့်အပါ် ပြည်တွင်းပြည်ပရှိ ကရင်နီပြည် သူများနှင့် လူမှုအဖွဲ့အစည်းများမှ ပန်ကြားလွှာတစ်စောင်ကို နိုဝင်ဘာလ(၉)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပန်ကြားလွှာတွင် (ကလလတ)အဖွဲ့၏ ဗဟိုကော်မတီတခုထဲ၏ ဆုံးဖြတ်ချက်ဖြင့် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကူး ပြောင်းရေးကို လက်မခံသင့်ကြောင်း ကရင်နီပြည်သူလူထုတို့၏ သဘောထား ဆန္ဒများကို ရယူပြီးမှသာ ဆုံးဖြတ် သင့်ကြောင်း ဖေါ်ပြပါရှိပါသည်။

ထို့နည်းတူ ကရင်နီအရေး အကဲခတ်သူ ဆရာသာဂီချိုင်၏ အဆိုအရ အဖွဲ့အတွင်းရှိ ဗဟိုကော်မတီတချို့နှင့် တပ်ဖွဲ့ဝင်အများစုမှာ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကိုလက်ခံလိုချင်မှုမရှိဘဲ ထိပ်ပိုင်းခေါင်းဆောင်များ၏ သြဇာကို မလွန်ဆန်ဝံ၍ လက်ခံရခြင်းဖြစ်ကြောင်း၊ ထိပ်ပိုင်းခေါင်းဆောင်များအနေနှင့် ကယားပြည်နယ်နှင့် အခြားမြို့ကြီး များတွင် စီးပွါးရေးအရ ရင်းနှီးမြုပ်နှံမှု များပြားစွာရှိနေသည့်အတွက် အဆိုပါအချက်များကိုထည့်စဉ်းစား၍ နယ်ခြား စောင့်တပ်ဖွဲ့ကို လက်ခံရသည်ဖြစ်နိုင်ကြောင်း ပြောဆိုပါသည်။

ထို့အပြင် ယ္ခုလိုနယ်ခြားစောင့်တပ်ဖွဲ့ အသွင်လက်ခံလိုက်ခြင်းကြောင့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်း တိုက်ခိုက်မှုပိုမိုပြင်းထန်လာနိုင်ပြီး ဒေသခံပြည်သူများအနေနှင့် ဒုက္ခပိုမိုရောက်နိုင်ကာ စစ်ပြေးဒုက္ခသည်ပိုများ လာနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)အဖွဲ့သည် (၁၉၉၄)မေလတွင် ဦးစန္ဒာနှင့် ဦးထွန်းကျော်တို့ ဦးဆောင်ပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ယ္ခုလက်ရှိအင်အားမှာ (၈၀၀)ကျော်ရှိ သည်ဟု အဆိုပါ အဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောပါသည်။