(အောက်တိုဘာ-၂၇)။ ။ မွန်လူမျိုးများသာ နေထိုင်ကြသည့် မွန်ပြည်နယ်တောင်ဖက်၊ ရေးမြို့နယ် တောင်ပိုင်းရှိ ရင်းရဲကျေးရွာ၌ ရွာသား ၄၀ ဦးခန့်ကို အင်အား ၁၀ ဦးခန့် မွန်လက်နက်ကိုင်တပ်ဖွဲ့ငယ်တစ်ဖွဲ့က လွန်ခဲ့သည့် ညဦးပိုင်းတွင် နေအိမ်များ၌ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ငွေများတောင်းခံရယူခဲ့သည်ဟု ရွာသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
အဆိုပါ အမည်မသိမွန်လက်နက်ကိုင်တပ်ဖွဲ့မှာ ရွာသားတစ်ဦးစီကို မြန်မာကျပ်ငွေ ၂၀၀၀၀ိ/ နှစ်သောင်းတောင်းခံ ရရှိခဲ့ပြီး ယခုအခါ လွှတ်ပေး၍ သက်ဆိုင်ရာနေအိမ်များသို့ ပြန်လည်ရောက်ရှိနေပြီဟု သိရသည်။
အဆိုပါ ရင်းရဲကျေးရွာသည် အိမ်ခြေ ၃၅၀ ခန့်ရှိပြီး ရေးမြို့မှ ခေါဇာ(မြို့နယ်ခွဲ) သို့သွားရာ မော်တော်ကားလမ်းဘေး တွင်တည်ရှိပြီး စစ်အစိုးရတပ်ဖွဲ့များလုံခြုံရေးမပေးနိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။
၄င်းဒေသတွင် လှုပ်ရှားနေကြသော မွန်လက်နက်ကိုင်အဖွဲ့ငယ်များမှာ စစ်အစိုးရအားတိုက်ခိုက်နေသည့် အဖွဲ့များ ဖြစ်ကြပြီး ရွာသားများ၊ ကျေးရွာအကြီးအကဲများထံမှ သိန်းဂဏန်းနှင့်ချီသော ငွေကြေးများ မကြာခဏကောက်ခံခဲ့ ကြသည့် သာဓကများရှိခဲ့သည်။
ရေးတောင်ပိုင်းဒေသသည် မွန်ပင်လယ်ကမ်းခြေတလျောက်တွင် ရွာများအစဉ်လိုက်တည်နေပြီး ယခင်က မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ လှုပ်ရှားသည့် အဓိကအမာခံနယ်မြေတစ်ခု ဖြစ်ခဲ့သည်။ စစ်အစိုးရနှင့် သဘောတူညီ ချက်အရ အပစ်ရပ်ပြီးနောက်ပိုင်း၌ ဤဒေသမှမွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ ထွက်ခွာလိုက်ရပြီး ယခုအခါ လုံးဝ ဝင်ရောက်လှုပ်ရှားခွင့် မရှိတော့ပေ။
ထို့နောက် မွန်ပြည်သစ်ပါတီနှင့် မသက်ဆိုင်သော မွန်လက်နက်ကိုင်တပ်ဖွဲ့ငယ်များ တစ်ဖွဲ့ထက်မက ပေါ်ပေါက်လာ ပြီး မြန်မာတပ်ဖွဲ့များကို ပြောက်ကျားပစ်ခတ်ကာ ဆက်လက်ရပ်တည်လာကြသည်။ တဖက်မှ ဒေသခံအချို့ကို စစ်အစိုးရလက်ပါးစေဟုယူဆပြီး သတ်ဖြတ်မှုများပြုလုပ်ခဲ့သလို စစ်အစိုးရတပ်မှလည်း အမဲရောင်နယ်မြေအဖြစ် သတ်မှတ်၍ ဖြတ်လေးဖြတ်စစ်ဆင်မှုများပြုလုပ်ကာ မသင်္ကာခြင်းသတ်မှတ်ခံရသူ အပစ်မဲ့ရွာသားအား တရား ဥပဒေမဲ့ ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များစွာ ရှိခဲ့သည်။
၂၀၀၀ ခုနှစ်အလွန်၌ စစ်အစိုးရက ခေါဇာကျေးရွာကို မြို့နယ်ခွဲအဖြစ်သတ်မှတ်၍ ယခင်သံဖြူဇရပ်မြို့အခြေစိုက် ခလရ (၃၁)တပ်ရင်း အပြီးအပိုင်ပြောင်းရွေ့ကာ အခြေစိုက်ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ရသည်။
မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း၌ မွန်ပြည်နယ်နှင့်ဆက်စပ်သောဒေသ အများ အပြားတွင် သေနတ်သံများတိတ်ဆိတ်၍ လုံခြုံရေးကောင်းမွန်လာခဲ့သည်ဟု ဆိုသော်လည်း ဒေသခံအချို့မှာ စစ်အစိုးရ၏တရားမဲ့သော လုပ်ရပ်များကို မကြေနပ်ကြကာ လက်နက်များကိုစုယူ၍ ပြန်လည်တိုက်ခိုက် လာရာမှ မငြိမ်းချမ်းသော မွန်ဒေသအဖြစ် ကျန်ရစ်နေသည်ကို တွေ့ရှိနေရဆဲဖြစ်သည်။