မွန်ခွဲထွက်အဖွဲ့တစ်ဖွဲ့ ပြည်သူ့စစ်ဖွဲ့နိုင်ရန် လှုပ်ရှားနေ၊ ခွဲထွက် အချင်းချင်း ပေါင်းစည်းခွင့်မရှိ

မွန်ခွဲထွက်အဖွဲ့တစ်ဖွဲ့ ပြည်သူ့စစ်ဖွဲ့နိုင်ရန် လှုပ်ရှားနေ၊ ခွဲထွက် အချင်းချင်း ပေါင်းစည်းခွင့်မရှိ
by -
ကောင်းဝါ
မကြာမီရက်ပိုင်း၌ စစ်အစိုးရထံလက်နက်ချခဲ့သည့် ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးရှောင်(ဝါ) နိုင်ရှောင် ဆိုသူသည် ရေးမြို့နယ်တစ်ဝိုက်၌ မွန်ပြည်သူ့စစ်တပ် ဖွဲ့စည်းနိုင်ရန်စီစဉ်နေ ...

(အောက်တိုဘာ-၂၇)။     ။မကြာမီရက်ပိုင်း၌ စစ်အစိုးရထံလက်နက်ချခဲ့သည့် ရာမညတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးရှောင်(ဝါ) နိုင်ရှောင် ဆိုသူသည် ရေးမြို့နယ်တစ်ဝိုက်၌ မွန်ပြည်သူ့စစ်တပ် ဖွဲ့စည်းနိုင်ရန်စီစဉ်နေကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာချုပ်မှ စရဖဗိုလ်ကြီးညီညီလွင်နှင့်အတူ ရေးမြို့နယ်ဒေသတစ်ဝိုက်ရှိ မွန်ပြည်သစ်ပါတီမှ တပ်ဖွဲ့ဝင်အချို့ကို လိုက်လံစည်းရုံးနေသည်ဟုလည်း မွန်ရဲဘော်ဟောင်းတစ်ဦးက ဆိုပါသည်။

အင်အားချိနဲ့နေသော မွန်အမျိုးသားငြိမ်းချမ်းရေးကောင်စီပါတီ MNPCP မှ နိုင်အောင်နိုင်သည် နိုင်ရှောင်နှင့် တွေ့ဆုံနိုင်ရန် ရေးမြို့သို့ နှစ်ကြိမ်ထက်မနည်း လာရောက်ဆက်သွယ်ခဲ့သော်လည်း စကခ(၁၉) မှတွေ့ဆုံခွင့်မပြုခဲ့ဟု ရတခနှင့်နီးစပ်သူတစ်ဦးက ဆိုပါသည်။

အထက်ပါအဖြစ်ကို ထောက်ရှုခြင်းအားဖြင့် စစ်အစိုးရနှင့်ပေါင်းစည်းလာသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များအချင်းချင်း အတူပူးပေါင်းပြီး ညီညွတ်သွားကြမည်ကို စစ်အစိုးရမှ မလိုလားကြောင်း တွေ့မြင်သိရှိနိုင်သည်။

သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့များအတွင်း အစိတ်အမွှာမွှာခွဲထားပြီး မတူညီသော ဆက်ဆံရေးအဆင့်အတန်းများ သတ်မှတ်၍ စစ်အစိုးရခွဲခြားဆက်ဆံနေသည်ကို တွေ့မြင်နိုင်သည်။

နိုင်ရှောင်နှင့် စစ်အစိုးရတို့အကြား အဆက်အသွယ်ရရှိရန် နိုင်အောင်နိုင် စီစဉ်ပေးခဲ့သည်ဟု သိရသည်။ မြဝတီမြို့ သို့ နိုင်အောင်နိုင် လာရောက်စောင့်ကြိုနေစဉ် နိုင်ရှောင်သည် စစ်အစိုးရထောက်လှမ်းရေးများအစီအစဉ်ဖြင့် မော်လမြိုင်မြို့ရှိ ရတခစစ်ဌာနချုပ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။

ထို့နောက် နိုင်ရှောင်သည် ရေးမြို့ရှိ စကခ(၁၉) ဌာနချုပ်ရှိ အရာရှိနေအိမ်တန်းလျားတစ်ခု၌ ၄င်းမိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်ဟု သိရသည်။

နိုင်ရှောင်သည် ယခုနှစ်အစပိုင်း၌ ရာမညတပ်ဖွဲ့ စတင်ဖွဲ့စည်းခဲ့စဉ် ထိုင်းနိုင်ငံနေရာအနှံ့တွင် ရဟန်းဝတ်ဖြင့်နေထိုင် ခဲ့သည်။ ယခုလပိုင်းတွင် ရတခနှင့် အဆက်အသွယ်ရယူခဲ့ပြီး လူဝတ်လဲကာ မဲဆောက်- မြဝတီမြို့လမ်းကြောင်း မှတဆင့် ဝင်ရောက်လာခြင်း ဖြစ်သည်။ ၄င်းအား ရတခမှ မြန်မာကျပ်ငွေ ၁၈ သိန်းထောက်ပံ့ခဲ့သည်ဟု သိရသည်။

နိုင်အောင်နိုင်သည်လည်း ယမန်နှစ်က MNPCP ကိုဖွဲ့စည်းခဲ့ပြီးနောက် ဘုန်းကြီးဝတ်ဘဝနှင့်ပင် ၄င်းတပ်ဖွဲ့ကို ဦးဆောင်လာခဲ့သည်။ နိုင်ရှောင် ရတခရောက်ရှိလာအပြီး ရက်ပိုင်းအတွင်း၌ပင် နိုင်အောင်နိုင်သည်လည်း လူဝတ် လဲလိုက်ပြီဟုသိရကြောင်း မြဝတီမြို့ရှိ ၄င်း၏နောက်လိုက်တစ်ဦး ပြောပါသည်။

လက်ရှိအခြေအနေ၌ နိုင်ရှောင်နှင့် နိုင်အောင်နိုင်တို့တွင် တပ်စိတ်တစ်စိတ်စာမျှပင် လက်နက်များမရှိသလို လူအင် အားလည်း မပြည့်စုံသေးသည်ကို တွေ့မြင်နေကြရသည်။

စစ်ရေးအကဲခတ်သူများက အဆိုပါပုဂ္ဂိုလ်နှစ်ဦးတို့၌ နိုင်ငံရေးအမြင်အားနည်းနေမှုနှင့် ခိုင်မာသောရပ်တည်ချက်များ မရှိသောကြောင့် နောက်လိုက်များကို မစုစည်းနိုင်ဟု ရှုမြင်ကြသည်။

အကယ်၍အင်အား ၃၀ ခန့် နောက်လိုက်များ အင်အားစုမိရလျှင်လည်း ကိုယ်ပိုင်လက်နက်များ ရရှိရန်များစွာအခက် အခဲရှိနေဦးမည် ဖြစ်သည်ဟု မွန်ပြည်သစ်အရာရှိတစ်ဦးက သုံးသပ်ပါသည်။ ၄င်းအပေါ် စစ်အစိုးရအနေဖြင့် လက်နက်များထုတ်ပေးနိုင်လောက်သော အယုံအကြည်မရှိသေးဟု သိရသည်။

ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်တဝိုက်၌ မြန်မာစစ်အစိုးရတပ်ဖွဲ့ကို ပြောက်ကျားတိုက်ခိုက်နေသည့် အင်အား ၁၂ ဦးခန့်ရှိ နိုင်ဗင်းအဖွဲ့အား စစ်အစိုးရထံဝင်ရောက်ခိုလှုံလာစေရန်နှင့် ရေးမြို့နယ်တောင်ပိုင်း ဒေသတစ်ခု၌ မွန်ငြိမ်း ချမ်းရေးရွာတစ်ရွာ ထူထောင်ရန် မြန်မာစစ်အစိုးရနှင့်အတူ နိုင်ရှောင် ကြိုးပမ်းနေသည်ဟု မကြာသေမီးက ၄င်းအား ဖုန်းဖြင့် အဆက်အသွယ်ရရှိခဲ့သူတစ်ဦးက ပြောကြားခဲ့ပါသည်။