(အောက်တိုဘာ-၂၂)။ ။ စက်တင်ဘာလကုန်ပိုင်းက အငြင်းပွားစရာဖြစ်ခဲ့ကြသော ENC တိုင်းရင်းသား လူမျိုးများကောင်စီသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သုံးလပတ်ပုံမှန်အစည်းအဝေး ကျင်းပနေကြောင်း သတင်း ရရှိခဲ့သည်။
ယင်းအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယမန်နေ့က စတင်ပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသားအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ၂၀ ဦးခန့် တက်ရောက်နေကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ENC သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်တိုင်းရင်းသား နိုင်စွမ်းထုမ်က “ENCအတွင်းရေးမှူးကနေ မစ္စတာဂျင် ဝက်ဘ်ဆီ ပို့တဲ့စာအကြောင်းကိစ္စလည်းပါတယ်၊ ဒီလိုမျက်နှာချင်းဆိုင် ဆွေးနွေးလိုက်ကြတော့ အမြင် ရှင်းသွားကြတာပေါ့၊ စေတနာမှန်က အရင်းခံပေါ်လာပါတယ်၊ အခုတွေ့မြင်ခဲ့တဲ့ အားနည်းချက်တွေကို ပြင်လိုက်ရင် လုပ်နည်းလုပ်ဟန်တွေ မှန်ကန်လာပါလိမ့်မယ်” ဟု ကောင်းဝါသတင်းဌာနနှင့် ဆက်သွယ် မေးမြန်းချက် တစ်ရပ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။
ယခုကျင်းပဆဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သုံးလပတ်ပုံမှန်အစည်းအဝေးကို ၅ ရက်ခန့် ကြာမြင့်နိုင်သည်ဟုခန့်မှန်း ထားကြသည်။ အစည်းအဝေးပြီးမြောက်သည့်အခါ ကြေညာချက်တစ်ရပ်ထုတ်ပြန်ဖွယ်ရှိသည်ဟု ယူဆနိုင်သည်။
တဖန် ENC အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်အမတ်(၁၉၉၀ ရွေးကောက်ပွဲ) နိုင်သောင်းရှိန်ကလည်း “အတိုက်အခံအဖွဲ့တွေက ကြေညာချက်ပဲထုတ်ပြန်နေတာ ၂၁ နှစ်ကာလအတွင်းမှာ သင်္ဘောအစီးရေ ပေါင်း မနည်းတိုက်ယူရမယ်၊ ဘာမှထူးမလာဘူး၊ ထိရောက်မှုလည်းမရှိဘူး” ဟု ယနေ့မေးမြန်းမှုတစ်ရပ်၌ သုံးသပ်ပြောဆိုခဲ့သည်။
ENC အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ပေါ်လစီရေးရာပိုင်းကို ဥက္ကဌမှ တိုက်ရိုက်ကိုင်တွယ်နိုင်သည့် အလားအလာများ ဖြစ်ပေါ်လာနိုင်ကြောင်း မွန်တိုင်းရင်းသားကိုယ်စားလှယ်မှ ပြောဆိုခဲ့သည်။ သို့ရာတွင်အစည်း အဝေး မပြီးဆုံးသေးသဖြင့် အသေးစိတ်မရှင်းပြနိုင်သေးဟု ဆိုပါသည်။
ENC ဖွဲ့စည်းပုံအရ မကြာသေးမီက အထွေထွေအတွင်းရေးမှူး အလိုအလျှောက်ဖြစ်လာသူ စောဒေးဗစ်ထောက အမေရိကန်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပညာပေးသင်တန်းများကူညီပံ့ပိုးပေးရန်၊ လွတ်လပ်ပြီးတရားမျှ တသည့် ရွေးကောက်ပွဲဖြစ်ရန် စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ကူညီပံ့ပိုးရန် စသည်ဖြင့် မစ္စတာဂျင်မ် ဝက်ဘ်ထံ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပေးပို့သည့်စာ၌ ရေးသားတောင်းဆိုခဲ့သည့်အတွက် တိုင်းရင်းသားအဖွဲ့ များအတွင်း အမြင်အမျိုးမျုုိး ကွဲပြားခဲ့ကြသည်။
ENC အထွေထွေအတွင်းရေးမှူး၏ပေးပို့စာနှင့် ပတ်သက်၍ ၄င်းသဘောထားသည် ENC ၏ရပ်တည်ချက် မဟုတ် ကြောင်း ENC ကောင်စီဥက္ကဋ္ဌမှ ကြေညာချက်ထုတ်ပြန်ပါသည်။
ထို့အပြင် ယင်း ENC အတွင်းရေးမှူး၏ပေးစာနှင့် ပတ်သက်၍ ပြည်တွင်းရှိတိုင်းရင်းသား အင်အားစုများအတွင်း အမြင်သဘောထား ရှုတ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း KNU နှင့် NDF တို့ကလည်းထိုရက်ပိုင်းများ၌ပင် ကြေညာ ချက်များ ထုတ်ပြန်ခဲ့ကြသည်။
အထွေထွေအတွင်းရေးမှူး စောဒေးဗစ်ထောမှ မစ္စတာ ဂျင်မ်ဝက်ဘ်ထံ ပေးပို့သည့်စာသည် အတွင်းရေးအဆင့်ပေး စာဖြစ်သော်လည်း အပြင်သို့ပေါက်ကြားသွားကာ အင်တာနက်သတင်းများ၌ မည်သူက စတင်ဖြန့်ဝေခဲ့သည်ကို မသိကြောင်း ယခုအစည်းအဝေးတွင် သုံးသပ်နေကြသည်ကို သိရသည်။
Ethnic Nationalities Council(Union of Burma)ခေါ် တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနို်င်ငံ) ကို ပြည်ပရောက်တိုင်းရင်းသားအဖွဲ့အစည်း ၈ ဖွဲ့ဖြင့် ယခင်ဖွဲ့စည်းခဲ့သော " Ethnic Nationalities Solidarity and Cooperation Committee” (ENSCC)ကို၂၀၀၄ခုနှစ်၊ဇန်နဝါရီလတွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။