ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား

ရွေးကောက်ပွဲဝင်သူများကို ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ENC မွန်ကိုယ်စားလှယ်ပြောကြား
ပြည်တွင်းရှိတိုင်းရင်းသားကိုယ်စားလှယ်များ ၂၀၁၀ ရွေးကောက်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်ပါက ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ပြီးခဲ့သော ENC ဗဟို အလုပ်အမှုဆောင်မှ ဆုံးဖြတ်ချက်ချမှတ် ...

ကောင်းဝါ(အောက်တိုဘာ-၉)။     ။ ပြည်တွင်းရှိတိုင်းရင်းသားကိုယ်စားလှယ်များ ၂၀၁၀ ရွေးကောက်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်ပါက ထောက်ခံခြင်းမပြုသလို မကန့်ကွက်ဟု ပြီးခဲ့သော ENC ဗဟို အလုပ်အမှုဆောင်မှ ဆုံးဖြတ်ချက်ချမှတ်ထားကြောင်း သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်တိုင်းရင်းသား နိုင်စွမ်းထုမ်မှ ပြောပါသည်။

“အတွင်းရေးမှူးအနေနဲ့ ဒီလိုမျိုးစာရေးသားမယ်ဆိုရင်တော့ ဗဟိုအလုပ်အမှုဆောင်တွေရဲ့သဘောထားကို ယူသင့်တာပေါ့” ဟု အဆိုပါမွန်ကိုယ်စားလှယ်က ဆက်လက်ပြောကြားပါသည်။

“အမေရိကန်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပညာပေးသင်တန်းများကူညီပံ့ပိုးပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် စောင့်ကြည့်ရေးအဖွဲ့များဖွဲ့စည်းခြင်းတို့ကို ကူညီပံ့ပိုးရန် စသည်ဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ENC အထွေထွေအတွင်းရေးမှူး စောဒေးဗစ်ထောက မစ္စတာ ဂျင်မ်ဝက်ဘ်ထံ ပေးပို့သည့်စာ၌ ရေးသားတောင်းဆိုခဲ့သည်။

ENC မွန်တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်သူ MNDF(LA) ဥက္ကဌ နိုင်သောင်းရှိန်ကလည်း “ENC ကတော့ ခိုင်မာကျစ်လစ်ပြီး ကျယ်ပြန့်တဲ့အဖွဲ့ မဟုတ်နိုင်တော့ဘူး၊ ဘတ်ဂျက်မရှိတဲ့ ကိစ္စတွေရော၊ အစည်းအဝေးတွေ မခေါ်နိုင်တာရော ရုံးသဘောမျိုးလောက်ဘဲ ရှိတော့တယ်၊ အတွင်းရေးမှူးဆိုသူကလည်း ရွေးကောက်ပွဲကိုထောက်ခံတဲ့ ဟန်ညောင်ဝေတို့နဲ့ ချိတ်မိပြီးတော့ သူ့သဘောနဲ့သူ အခုလို စာရေးတဲ့အထိ ဖြစ်သွားတာဘဲ” ဟု ထောက်ပြ ပြောဆိုခဲ့သည်။

ENC အထွေထွေ အတွင်းရေးမှူး အဆိုပါပေးပို့စာနှင့် ပတ်သက်၍၄င်းသဘောထားသည် ENC ၏ရပ်တည်ချက်မဟုတ်ကြောင်း ကောင်စီဥက္ကဋ္ဌမှ ကြေညာချက်ထုတ်ပြန်ပါသည်။

ထို့အပြင် ယင်း ENC အတွင်းရေးမှူး၏ပေးစာနှင့် ပတ်သက်၍ ပြည်တွင်းရှိတိုင်းရင်းသား အင်အားစုများအတွင်း အမြင်သဘောထားရှုတ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း KNU နှင့် NDF တို့ကလည်း မကြာမီရက်ပိုင်းများ၌ ကြေညာချက်များထုတ်ပြန်ခဲ့သည်။

Ethnic Nationalities Council(Union of Burma) ခေါ် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနို်င်ငံ) ကို ပြည်ပရောက်တိုင်းရင်းသားအဖွဲ့အစည်း ၈ ဖွဲ့ဖြင့် ယခင်ဖွဲ့စည်းခဲ့သော Ethnic Nationalities Solidarity and Cooperation Committee” (ENSCC)ကို ၂၀၀၄ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။