ကောင်းဝါ(အောက်တိုဘာ-၆) ။ ။ နအဖမြန်မာ စစ်ကြောင်းတစ်ကြောင်းတွင် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁၀ ဦး အင်အားဖြည့် လှုပ်ရှားသွားရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ)မှ ညွှန်ကြားထားကြောင်း ဘုရားသုံးးဆူဒေသ ရှိ အမည်မဖေါ်လိုသူ ဒီကေဘီအေ အရာရှိတစ်ဦးနှင့် ဆက်သွယ် မေးမြန်းချက်အရ သိရသည်။
အဆိုပါညွှန်ကြားချက်မှာ ယခုရက်သတ္တပတ်အတွင်း ဘုရားသုံးဆူ - သံဖြူဇရပ်ကားလမ်းမပေါ်ရှိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းရွာသို့ ပြောင်းရွေ့အခြေစိုက်ခဲ့သော ရတခရှေ့တန်းဗျူဟာ ၃ မှထပ်ဆင့် ညွှန်ကြားခဲ့သည်ဟု ဆိုပါသည်။
သို့သော် ဒီကေဘီအေအနေဖြင့် ၄င်းညွှန်ကြားချက်အား လက်ခံ၊ မခံကို ယတိပြတ်မဆုံးဖြတ်ရသေးဟု သိရသည်။
နအဖတပ်ရင်းတစ်ရင်း၌ ရှေ့တန်းသို့သွားရောက် လှုပ်ရှားနိုင်သော တိုက်ခိုက်ရေးအင်အားမှာ ပျမ်းမျှအားဖြင့် တပ်ရင်းမှူးနှင့် အခြားအရရှိများအပါအဝင် စစ်သည် ၁၂၀ ခန့်သာရှိတော့ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ် ပြသည်။
တပ်ရင်းတစ်ရင်းတွင် တပ်ရင်းမှူးဦးစီးသောစစ်ကြောင်း(၁)နှင့် ဒုရင်းမှူးဦးစီးသောစစ်ကြောင်း(၂)ဟူ၍ စစ်ကြောင်း ၂ ကြောင်း လှုပ်ရှားနေသည်ကို သိရှိရသည်။
မြန်မာ့တပ်မတော်စတင်ဖွဲ့စည်းခဲ့စဉ်က တပ်ရင်းတစ်ရင်းရှိ စစ်သည်များအင်အား ရ၇၀ ဦးရှိခဲ့ရာမှ နောက်ပိုင်း၌ ၅၅၀ ခန်သာရှိလာသည်ဟု စစ်ရေးလေ့လာသူများက ပြောဆိုကြသည်။ ယခုတွင် တပ်ရင်းတစ်ရင်း၌ ဒုက္ခိတများ အပါအဝင် အင်အား ၁၅၀ ခန့်သာရှိတော့သည်ဟု တပ်မတော်မိသားစု အသိုင်းအဝိုင်းများတွင် ပြောဆိုနေကြသည်။
KNU တို့အား ထိုးစစ်ဆင်ခဲ့သော တိုက်ပွဲများအတွင်း ဒီကေဘီအေတပ်ဖွဲ့များကိုသာ ရှေ့မှတိုက်ခိုက်စေပြီး နအဖစစ် ကြာင်းများက နောက်မှရံပေးထားခဲ့သည်ကို KNU တပ်မဟာ ရ ထိုးစစ်များတွင် တွေ့မြင်ခဲ့ရသည်။
နောက်ပိုင်း၌ နအဖညွှန်ကြားမှုဖြင့် တပ်မဟာ ၆ ကိုထိုးစစ်ဆင်ခဲ့ရာတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် KNU တို့အတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်ကို မတွေ့ရှိရသေးပေ။ နောက်မှလိုက်ပါ ရံပေးထားသော နအဖစစ်ကြောင်း များသာ KNU တို့၏ ပြောက်ကျားတိုက်ခိုက်မှုကို မကြာခဏခံခဲ့ရသဖြင့် ကျဆုံးဒဏ်ရာအများအပြား ကြုံတွေ့နေခဲ့ ရသည်။
KNU တပ်မဟာ(၆) ဒေသဖြစ်သော ဘုရားသုံးဆူ- သံဖြူဇရပ်ကားလမ်းမတလျှောက်၌ နအဖတို့မကြာခဏ တိုက်ခိုက်ခံနေရသည်။ ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့ နအဖစစ်ကြောင်းများလှုပ်ရှားနေမှုကို KNU ထံသို့ လှို့ဝှက် သတင်းပေးနေသည်ဟု မယုံသင်္ကာဖြစ်နေသော်လည်း ခိုင်မာသော သက်သေအချက်အလက်များ မပြနိုင်သဖြင့် မည်သို့မှမပြောဆိုနိုင်သေးပေ။
DKBA နှင့် KNU အောက်ခြေတပ်ဖွဲဝင်များ လှိုဝှက်တွေ့ဆုံမှုများ ပြုလုပ်နေကြသည်ဟု သတင်းများထွက်ပေါ် နေသည်။
လွန်ခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီကေဘီအေနာယက ဦးသုဇနက DKBA နှင့် KNU နှစ်ဖက်တပ်ဖွဲ့တို့ လာမည့်ကရင်နှစ်သစ်ကူးမတိုင်မီ(ဒီဇင်ဘာလ - ၁၆) တွင် အပစ်အခတ်ရပ်စဲကြရန် ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။