ဘုရားသုံးဆူ(အောက်တိုဘာ-၁)။ ။ ကျပ် ၅၀၀၀ တန် မြန်မာငွေစက္ကူ အသစ်ကို လက်ရှိစစ်အစိုးရက ယနေ့တွင် စတင် ထုတ်လိုက်သည့် သတင်းကြောင့် မြန်မာနိုင်ငံ ဒေသ အနှံအပြားတွင် ဂယက်များ ရိုက်ခတ်လျှက် ရှိသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော နိုင်လဂွန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ထိုင်းငွေစျေးတက်သွားတာ ကြားမိတာ ပထမတော့ ဝမ်းသာရမလိုပါ၊ ဘာပဲပြောပြောအိမ်ကိုငွေပို့ရတာ ဂဏန်းအရေအတွက် တိုးများလာတာပေါ့၊ နောက်ဟိုမှာကလည်း ရွှေစျေးကကျပ် ၂ သောင်းလောက်တိုးသွားပြန်တော့ ရွှေစျေးနဲ့တွက်ရင် ဘာမှထူးမလာပါဘူး” ဟုဆိုပါသည်။
အစိုးဝန်ထမ်းတစ်ဦးက “ဒီငါးထောင်တန်အသစ် ထွက်လာမယ်လို့ကြားမိတာနဲ့ ဝမ်းသာစရာသတင်းမဟုတ်ဘူးလို့ ခံစားမိတယ်၊ ကုန်စျေးနှုန်းတွေတိုးလာမယ်၊ လစာမလောက်တော့ ဖြစ်တဲ့နည်းနဲ့အကြံအဖန်လုပ်ရမှာပဲ” ဟု ပြောကြားခဲ့သည်။
ကားပွဲစားတစ်ဦးက “ဂုံနီအိတ်တွေနဲ့ ငွေထည့်နေရတဲ့ဒုက္ခကနေ နည်းနည်းတော့သက်သာ သွားမှပဲ” ဟု ဆိုပါသည်။
ဘုရားသုံးဆူမြို့ ဒေသတဝိုက်တွင် ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအသစ် ထွက်လာမည့်သတင်းကြားမိသည်နှင့် မိမိလက်ဝယ်ရှိ မြန်မာကျပ်ငွေများကို ထိုင်းဘတ်ငွေများနှင့် ချက်ချင်းလဲလှယ်လိုက်ကြသည်။
အခြားကုန်သည်တစ်ဦးက “ငွေကြေးတတ်နိုင်သူတွေက ဒီကာလမှာငွေကစားနိုင်ယင် အမြတ်အစွန်းရနိုင်တယ်၊ ဆင်းရဲသားအများစုကတော့ ကုန်စျေးနှုန်းကြီးမြင့်လာတဲ့ ဒဏ်ကို အရင်ကထက်ပိုခံ သွားရမယ်” ဟု ဝေဖန်ပြောဆိုခဲ့သည်။
By spdc myanmar new 5000kyatယင်းငွေစက္ကူအသစ် သတင်းမထွက်ပေါ်မီတွင် ဘုရားသုံးဆူနယ်စပ်၌ ထိုင်းငွေတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၃၁ ကျပ် ၅၀ ပြားနှုန်းရှိခဲ့ပြီး ယခုအခါ တစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၃၃ ကျပ် ၅၀ ပြားသို့ရောက်ရှိလာသည်။ မြန်မာကျပ်ငွေတန်ဖိုး ထပ်မံထိုးကျသွားခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ်မတိုင်မီက ထိုင်းမြန်မာတရားဝင်ငွေလဲနှုန်းမှာ မြန်မာငွေတစ်ကျပ်လျှင် ထိုင်းဘတ်ငွေ 3.76 ဘတ်နှင့်ညီမျှသည်ဟု ထိုစဉ်ကမြန်မာကျောင်းသုံးစာအုပ်များတွင် ဖေါ်ပြထားသည်။ ဦးနေဝင်းမဆလခေတ်တွင် မြန်မာငွေတစ်ကျပ် ထိုင်း ၃ ဘတ်ဖြစ်လာသည်။ နဝတ၊ နအဖလက်ထက်တွင် မြန်မာကျပ်ငွေတန်ဖိုး အနိမ့်ဆုံးအဆင့်သို့ ထိုးကျသွားသည်။
၁၉၈၈ ခုနှစ်တွင် မြန်မာကျပ်ငွေတန်ဖိုးမှာ ၁၀၀ တန်ငွေစက္ကူသည် တန်ဖိုးအကြီးမားဆုံးဖြစ်သည်။ နဝတ၊ နအဖခေတ်တွင် ၂၀၀ တန်၊ ၅၀၀ တန်၊ ၁၀၀၀ တန်နှင့်ယခု ၅၀၀၀ ကျပ်တန်တို့ ဖြစ်လာသည်။
ယခင်တရားဝင်ငွေစက္ကူများဆက်လက်သုံးစွဲနိုင်သည်ဟု စစ်အစိုးရကကြေညာခဲ့သော်လည်း ယခုလက်ရှိ လည်ပတ်နေသော မြန်မာငွေကြေးများမှာ ၁၀၀ ကျပ်တန်မှာ အလွန်ရှားပါးပြီး ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ တန်များကိုသာ တွေ့ရှိနေရသည်။
အိမ်ရှင်မတစ်ဦးက “တစ်ထောင်ကျော်ကျော် တန်ဖိုးရှိတဲ့ပစ္စည်းကို ငါးထောင်ကျပ်တန်နဲ့ဝယ်တဲ့အခါ ငွေအမ်းနိုင်ဖို့က အခက်အခဲတွေ အတော်လေးတွေ့လာနိုင်မယ်၊ နောက်ဆုံးကျတော့ ဆိုင်တစ်ဆိုင်ကိုဝင်ပြီးစျေးဝယ် ၅၀၀၀ အပြည့်ဝယ်ရမလို ဖြစ်လာတော့မယ်လေ” ဟု သုံးသပ်ပါသည်။
စျေးဝယ်သူများအနေဖြင့် ပစ္စည်းများ ဝယ်ယူရာတွင် အနည်းဆုံး ၂၀၀ ကျပ်ပြည်မီအောင် ဝယ်ယူပေးနေကြရသည်။ ပြန်အမ်းငွေများကို သကြားလုံး၊ ဆေးလိပ်များဖြင့် အစားထိုးပေးနေသည်ကို တွေ့မြင်နေကြရသည်။
လက်ရှိ သုံးစွဲနေသည့် ငွေအကြွေများသည် ဟောင်းနွမ်း ညစ်ပတ်နေပြီး လူအမျိုးမျိုး ကိုင်ဆောင်လာရာမှ ငွေစက္ကူတွင် မှို၊ ဘက်တီးရီးယားနှင့် အခြားရောဂါပိုးမွှားများ ပါရှိသဖြင့် အများ ပြည်သူ အန္တရာယ်ဖြစ်စေကြောင်းနှင့် ငွေအကြွေးများကိုသာ များများ ထုတ်သင့်ကြောင့် ကျန်းမာရေး ပညာပေး ဆောင်းပါးရှင် ဒေါက်တာ ခင်မောင်ညိုက ပြောဆိုသည်ဟု မဇျ္ဇိမသတင်း ဌာနမှရေးသားခဲ့သည်။