မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက် အခမ်းအနားကျင်းပ

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) တစ်နှစ်ပြည့်မြောက် အခမ်းအနားကျင်းပ
ယမန်နှစ်က ဖွဲ့စည်းခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) Mon National Democratic Front (Liberated Area) တစ်နှစ်ပြည့်မြောက်ခြင်း အခမ်းအနား တစ်ရပ် ...

ကန်ချနပူရီ(စက်တင်ဘာ-၂၈)။    ။ ယမန်နှစ်ကဖွဲ့စည်းခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(လွတ်မြောက်နယ်မြေ) Mon National Democratic Front (Liberated Area)  တစ်နှစ်ပြည့်မြောက်ခြင်း အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယနေ့နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ MNDF(LA)မှအဖွဲ့ဝင်အချို့နှင့် ဒီမိုကရေစီအင်အားစုအချို့တက်ရောက်ခဲ့ကြသည်။

MNDF(LA)၏ အထွေထွေအတွင်းရေးမှူး နိုင်ဥဿာနှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဒီအချိန်ဟာ နိုင်ငံရေးအလှည့် အပြောင်းဖြစ်နိုင်တဲ့ကာလဆိုတော့ အချင်းချင်းသွေးစည်းညီညွတ်ကြဖို့နဲ့ အနေအထားတစ်ခုခုမှာအတူတူ ရပ်တည် သွားကြဖို့ အရမ်းလိုအပ်နေပါတယ်၊ နိုင်ငံရေးမှာ လူထုတစ်ရပ်လုံးပါဝင်ကြပါ”ဟု တိုက်တွန်းပြောဆို ခဲ့သည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်နေရာ၌ကျင်းပခဲ့သော MNDF(LA) တစ်နှစ်ပြည့်မြောက်ခြင်းအခမ်းအနား

အဆိုပါအခမ်းအနားမှ MNDF(LA)၏ ယနေ့ ထုတ်ပြန်ချက်တွင် စစ်အစိုးရရေးဆွဲသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးများ လိုအပ်သော အခြေခံဥပဒေမဟုတ်ပဲ နိုင်ငံတော်ကို စစ်အစိုးရ ဆက်လက်အုပ်ချုပ်ရန် ရေးဆွဲထားသော အခြေခံဥပဒေတရပ်သာ ဖြစ်သောကြောင့် စစ်အစိုးရကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဝင်မည်မဟုတ်ကြောင်း အတိအလင်း ကြေငြာထားပြီး ကုလသမဂ္ဂမှ တောင်းဆိုထားသည့်အတိုင်း နိုင်ငံရေး အကျဉ်း သားများကို အားလုံးလွှတ်ပေးရန်၊ နိုင်ငံရေးပါတီ များနှင့် ညှိနှိုင်းပြီး အခြေခံဥပဒေကို ပြန်လည်ပြင် ဆင်ရေးဆွဲပြီးမှ ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) က တိုက်တွန်းအပ်ပါသည်ဟု ဖေါ်ပြပါရှိသည်။

လာမည့် ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်သွားရန် နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် အခြားတိုင်းရင်းသားများ၊ ဒီမိုကရေစီ အင်အားစု များနှင့် ပူးပေါင်း တိုက်ပွဲဝင်သွားနိုင်ရန် မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်ဟောင်းများက မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (လွတ်မြောက်နယ်မြေ) – Mon National Democratic Front (Liberated Area) ကို ယမန်နှစ် စက်တင်ဘာ လ ၂၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) တွင် ဗဟိုအလုပ်မှုဆောင် ဥက္ကဋ္ဌ နိုင်သောင်းရှိန်၊ ဒု ဥက္ကဋ္ဌ နိုင်စိုးညွန့် ၊ အထွေထွေအတွင်းရေးမှူး နိုင်ဥဿာ၊ တွဲဖက် အတွင်းရေးမှူး (၁) နိုင်ဟံမန်၊ တွဲဖက် အတွင်းရေးမှူး(၂) နိုင်ဥက္ကာမွန်တို့ ပါဝင်ကြပြီး မွန်ဆရာတော်တပါး အပါအဝင် နာယက ၃ ဦး၊ ဗဟိုအလုပ်မှုဆောင် ၁၁ ဦး၊ ဗဟို အလုပ်အမှုဆောင် အပါအဝင် ဗဟိုကော်မတီ ၂၈ ဦး၊ အရံ ဗဟိုကော်မတီ ၆ ဦးတို့ ပါဝင်ကြသည်။

၁၉၉၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားထုထံ အကြံပြုစာများ တောင်းခံခဲ့ရာ မွန်အမျိုးသားဒီမို ကရေစီအဖွဲ့မှ “အပစ်အခတ်ရပ်စဲရေးသည် မွန်အမျိုးသားတို့အဖို့အကျိုးမဖြစ်ထွန်းပါ” စာတမ်းတစ်စောင်ကို မွန်ပြည်သစ်ပါတီသို့ ရေးသားတင်ပြမှုကြောင့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာ မင်းကြည်ဝင်းတို့အား စစ်အစိုးရတို့ ဖမ်းဆီးထောင်ချရန် ရှာဖွေနေစဉ် ကော့ကရိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်သောင်းရှိန် MNDF(LA) ဥက္ကဌဖြစ်လာသူသည် ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ၁၉၈၈ ခု၊ အောက်တိုဘာလ ၁၁ နေ့၌ ဖွဲ့စည်းခဲ့၍ ၁၉၉၀ ရွေးကောက်ပွဲဝင်ရာ လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ အနိုင်ရခဲ့ပြီး စစ်အစိုးရက ၁၉၉၂ ခုနှစ်၊ မတ်လ ၁၉ ရက် (မွန်ပြည်နယ်နေ့) တွင် တရားဝင်ပါတီတည်ရှိခွင့်မှ ရုတ်သိမ်းခဲ့သည့်နောက် ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း ဖမ်းဆီးထောင်ချ ခဲ့သည်။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည်လည်း လာည့်ရွေးကောက်ပွဲကို ဝင်ရောက်မည်မဟုတ်ဟု သတင်းဌာန များတွင် ထုတ်ဖေါ်ပြောကြားထားသည်။

စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲခဲ့သော မွန်ပြည်သစ်ပါတီသည် မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံနိူင်မည်မဟုတ်ပါ။ ဖြစ်နိူင်မည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိူင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊  အနာဂတ်အစိုးရသစ်နှင့် သော်လည်းကောင်း ရပ်တည် တောင်းဆိုသွားမည်ဖြစ် သည်ဟု လွန်ခဲ့သည့်သြဂုတ်လ ၅ ရက်နေ့၊ မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

ဆက်လက်၍နိုင်ဥဿာက “တတိယအင်အားစုက မွန်တွေမှာ တကယ်လိုအပ်နေပါတယ်၊ အခုပါဝင်လှုပ်ရှားနေသူ တို့ကိုလည်း ယုံကြည်စိတ်ချရတဲ့ အနေအထားမှာရှိတယ်၊ မွန်အမျိုးသားတွေအပေါ် သစ္စာဖောက်ကြမဲ့သူတွေ မဟုတ်ကြပါဘူး၊ မွန်အမျိုးသားထုတစ်ရပ်လုံးကို ဦးဆောင်မှုပေးနိုင်လိမ့်မယ်လို့ယူဆပါတယ်၊ သူတို့ဦးဆောင်မှုကို ခံယူပါလို့ ပြောလိုပါတယ်” ဟုဖြည့်စွက်ပြောကြားခဲ့သည်။

တတိယအင်အားစု မွန်အမျိုးသားများအုပ်စုတစ်စုကလည်း လာမည့်ရွေးကောက်ပွဲဥပဒေကိုသုံးသပ်၍ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဝင်သင့်မသင့်၊ ပါဝင်သင့်က အဆင်သင့်ဖြစ်နေစေရန်ရည်ရွယ်၍ ပါတီတစ်ရပ်ဖွဲ့စည်းနိုင်ရန် လွန်ခဲ့သည့် ဇွန်လကုန်ပိုင်း၌ ပြည်တွင်းရှိမွန်နိုင်ငံရေးအသိုင်းအဝိုင်းတို့မှ စတင်ပြင်ဆင်ထားကြသည်ကို သိရှိ ရသည်။