စံခလပူရီ(စက်တင်ဘာ-၂၈)။ ။ တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေတတ်သော ကရင်ပြည်နယ်၊ ဘုရားသုံးဆူ- အနန်းကွင်းရွာအကြား၌ မဲဇလီရွာရယကအဖွဲ့ဝင် ဦးကျော်လှ ဆိုသူကို ယနေ့နံနက်စောစော ၂ နာရီခန့်တွင် နအဖစစ်သားတစ်ဦး အထင်အမြင်လွဲ မှားယွင်းပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာပြင်းထန်စွာဖြင့် ထိုင်းနိုင်ငံဆေးရုံတစ်နေရာသို့ ဆေးကုသရောက်ရှိလာကြောင်း လိုက်ပါလာသူဆွေမျိုးများ ပြောပြချက်အရ သိရသည်။
ဦးကျော်လှ၏ အသက်စိုးရိမ်ဖွယ်အခြေအနေရောက်ရှိနေပြီး ယောက်ျားအင်္ဂါဇတ်၊ ပေါင်တံအရိုးနှင့် ခြေထောက်တွင်တစ်ချက်စီ စုစုပေါင်း ၃ ချက်တိတိ ဒဏ်ရာထိမှန်ခဲ့၍ အပလုံရွာ၊ ကျန်းမာရေးမှူးအကူအညီဖြင့် ဘုရားသုံးဆူမြို့ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။
ဘုရားသုံးဆူမြို့ပေါ်ရှိ မြန်မာဆေးရုံမှာ ဦးကျော်လှ၏ ဒဏ်ရာသွေးလွန်နေ၍ မကုသနိုင်ဟု ဆုံးဖြတ်သဖြင့် ထိုင်းနိုင်ငံ၊ကန်ချနပူရီခရိုင် ဆေးရုံတစ်ရုံ၌ ဆက်လက်တက်ရောက် ခွဲစိတ်ကုသခံနေရသည်။ စိတ်ချရသည့်အခြေအနေ မရောက်ရှိသေးပေ။
ဦးကျော်လှနှင့်အတူ လိုက်ပါလာသူများပြောပြချက်အရ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပုံမှာ မဲဇလီရွာသို့ ရောက်ရှိလာသော ခမရ ၃၅၆ စစ်ကြောင်းအင်အား ၂၀ ခန့်သည် ရွာဥက္ကဌဦးကျော်ဦး နေအိမ်တွင် စခန်းချနေပြီး KNU ပြောက်ကျားများကို စိတ်မချရသည့်အတွက် ရယကအဖွဲ့ဝင် ဦးကျော်လှအား မဖြစ်မနေအကူလာရောက် အိပ်စောင့်ပေးရန် နအဖစစ်ကြောင်းအရာရှိက ဆင့်ခေါ်ခဲ့သည်။
ညနေပိုင်းမှစ၍ ခြေတံရှေအိမ်အောက်တွင် ဦးကျော်လှ ကုလားထိုင်တစ်လုံးနှင့် အိပ်စောင့်ပေးနေစဉ် နံနက် ၂ နာရီခန့်၌ မိုးစက်များ ကျလာသည့်အတွက် နေရာအနည်းငယ်ရွေ့လိုက်ရာမှ အနီးရှိကင်းစောင့်ရဲဘော်က မည်သို့မျှမမေးမမြန်းတော့ဘဲ သေနတ်ဖြင့် တရစပ်ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။
တစ်ခဏအတွင်း ဖြစ်ရပ်မှန်ကိုသိနားလည်လာကြပြီး နအဖစစ်ကြောင်းမှအရာရှိက အသက်မပျောက်၊ ဒဏ်ရာရရှိ ငိုမြည်းနေသူ ဦးကျာ်လှကို ရွာသားများအကူအညီဖြင့် အပလုံရွာသို့ထမ်းပို့စေသည်။ ထိုမှတဆင့် ပဲချိပ်လှေဖြင့် ချောင်းဆုံလှေဂိတ်သို့၄င်း၊ ချောင်းဆုံလှေဂိတ်မှတဆင့် မော်တော်ကားဖြင့် ဘုရားသုံးဆူမြို့ ဆေးရုံသို့ နံနက် ၈ နာရီခန့်၌ ရောက်ရှိလာသည်။
ဤဒေသရောက် နအဖတပ်ဖွဲ့တို့သည် ဒေသခံကရင်ရွာလူကြီးများအား KNU သတင်းပေးအဖြစ် မှတ်ယူထားကြကာ မသင်္ကာရသူများဟု မှတ်ယူထားကြပြီး ၄င်းတို့နအဖတပ်ဖွဲ့များ ရွာကိုရောက်ရှိလာလျှင် ရွာလူကြီးများကို ဒိုင်းသဖွယ်အစောင့်ထားရှိစေကာ KNU တို့ရန်မှ ကာကွယ်ထားရှိသည့် နည်းကိုကျင့်သုံးနေကြသည်ဟု သိရသည်။
ယခုပစ်ခတ်မှုဖြစ်ပွားခဲ့ရသည်မှာ ဦးကျော်လှ နေရာအနည်းငယ်ရွေ့လိုက်သည်ကို မယုံသင်္ကာဖြစ်မိပြီး နေရာမှရွေ့လျှင်ပစ်ခတ်နိုင်သည့် အမိန့်ကို သက်ဆိုင်ရာအရာရှိက အဆိုပါကင်းတာဝန်ကျရဲဘော်အား ကြိုတင်ခွင့်ပြုအမိန့် ပေးထားခဲ့သည်ဟု လေ့လာသူများသုံးသပ်နေကြသည်။
အဆိုပါ ခမရ ၃၅၆စစ်ကြောင်းစစ်ကြောင်းသည် ဘုရားသုံးဆူမြို့မှ အနန်းကွင်းရွာဖက်သို့အပြန် မဲဇလီရွာအနီး၌ ယခုလ ၂၄ ရက်နေ့တွင် KNUမှခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာတပ်ကြပ်တစ်ဦး ပေါင်တွင်သေနတ်မှန် ဒဏ်ရာရရှိခဲ့သည်ကို ရွာသားများမြင်တွေ့ခဲ့ရသည်ဟုဆိုပါသည်။
အဆိုပါ ခမရ ၃၅၆ စစ်ကြောင်းသည် ဘုရားသုံးဆူဒေသတစ်ဝိုက်သို့ လာရောက်စဉ် တစ်လမပြည့်မီကာလ အတောအတွင်း KNU ၏ ရှေ့ထွက်မိုင်းဒဏ်နှင့် ပြောက်ကျားချုံခိုပစ်ခတ်မှုများကြောင့် ကျဆုံးမှုအရေအတွက် အများဆုံးစစ်ကြောင်းဖြစ်ပြီး တပ်ဖွဲ့ဝင်အများအပြားလည်း သွေးလန့်နေကြသည်ဟု အကဲခတ်များက ပြောဆိုနေသည်။